မကွေးတိုင်း၊ ဂန့်ဂေါမြို့အချုပ်ခန်းက အချုပ်သားများကို စစ်ကောင်စီလက်အောက်ခံရဲများက ငွေညှစ်နေကြောင်း နီးစပ်သည့်သတင်းရင်းမြစ်များထံက သိရသည်။
အချုပ်သားများကို ဂန့်ဂေါမြို့၊ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားခြင်းဖြစ်ပြီး စစ်ကောင်စီက စတင်ရုံးထုတ်စစ်ဆေးတော့မည်ဖြစ်၍ သက်သေခံပစ္စည်းသယ်ယူစရိတ်ဟုဆိုကာ အချုပ်သားတစ်ဦးလျှင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းအထိပေးဆောင်ရမည်ဟု ငွေညှစ်တောင်းခံနေကြောင်း အချုပ်ခန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက MPA ကိုပြောသည်။
“ အချုပ်သားတွေကိုဖမ်းမိတုန်းက သက်သေခံပစ္စည်းတွေကို နေပြည်တော်ကိုပို့ထားတယ်လို့ပြောတယ်။ အဲ့ဒီသက်သေခံပစ္စည်းတွေ ဟိုတလောကဂန့်ဂေါကို ရဟတ်ယာဥ်ဆင်းတော့ ပါလာတယ်ပေါ့နော်။ အခုက စစ်ဆေးစရာရှိတဲ့အချုပ်သားတွေကို ရုံးထုတ်ပြီး၊ စစစ်တော့မယ်။ အဲ့ဒါကို သက်သေခံပစ္စည်းသယ်ယူစရိတ်ဆိုပြီး အချုပ်သားတစ်ယောက်ကို တစ်သိန်းခွဲ၊ တချို့ဆို ၂ သိန်းတောင်းနေတယ်လို့သိရတယ်” ဟု ၎င်းကရှင်းပြသည်။
ဂန့်ဂေါမြို့အချုပ်ခန်းတွင် အချုပ်သား ၈၆ ဦးရှိပြီး ၎င်းတို့ ဖမ်းဆီးခံခဲ့ရသည့်အချိန်မှစ၍ စစ်ကောင်စီကရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားရာ ယခုမှပြန်လည်ရုံးထုတ်စစ်ဆေးရန် လုပ်ဆောင်လာခြင်းဖြစ်သည်။
“ အရင်က ရုံးထုတ်စစ်ဆေးဖို့ဆိုပြီး တရားရုံးကိုခေါ်တာတချို့ရှိတယ်။ ဒါပေမယ့် တရားလိုမရှိလို့၊ ရောက်မလာလို့ဆိုပြီး အချုပ်ခန်းထဲပြန်ပြန်ထည့်ထားတာ။ အဲ့ဒါလောက်ပဲရှိတယ်။ တကယ်မစစ်ဆေးဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
အချုပ်သားများအနေဖြင့် သောက်သုံးရေ၊ ချိုးရေနှင့် မီတာခများကို ကိုယ်တိုင်ပေးဆောင်၍ ဝယ်ယူသုံးစွဲနေကြရပြီး အသံဆူသည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံများက ရေတင်ပေးခြင်းမရှိတော့ဘဲ ကျန်းမာရေးစောင့်ရှောက်မှုလည်း ကောင်းမွန်စွာမရရှိကြောင်း သိရသည်။
“ အခုမြို့ပေါ်မှာတော့ ဆယ်တန်းစာမေးပွဲရှိလို့တဲ့ စစ်သားတွေရဲတွေ နေရာအနှံ့ကင်းပတ်နေတယ်။ ကျွန်မတို့တော့ သိပ်တောင်အပြင်မထွက်ဘူး။ ဒီကောင်တွေနဲ့ တွေ့နေမှာစိုးလို့။ ခြေတော့အတော်ရှုပ်နေကြတယ်ကြားတာပါ့” ဟု ဂန့်ဂေါမြို့ပေါ်နေအမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မြို့သိမ်းတိုက်ပွဲဆင်နွှဲ၍ မြို့အတွင်းဝင်ရောက်လာပါက အချုပ်သားအားလုံးကို ပစ်သတ်မည်ဟု ရဲတပ်ဖွဲ့ဝင်များက မကြာခဏခြိမ်းခြောက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။