မန္တလေးတိုင်း၊ မြင်းခြံမြို့အထွက်တွင် စစ်သားများတင်ဆောင်လာသည့် ကား ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိကြောင်းသိရသည်။
မတ်လ ၁၁ ရက်၊ နံနက် ၁၁ နာ ရီဝန်းကျင်တွင် မြင်းခြံမြို့မှ ထွက်လာသော စစ်သားများတင်ဆောင်လာသည့် အိမ်စီးကား ၁ စီးကို မြင်းခြံ-မြို့သာလမ်းပိုင်းပေါ်၌ သတင်းအရ ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါလာသည့် စစ်သားများ အားလုံးသေဆုံးသွားကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)ထံက သိရသည်။
“စစ်သားတွေက ၆ ယောက်ထဲပါတယ်။သူတို့ က အိမ်စီးကားနဲ့ လာတာ။ယူနီဖောင်းဝတ်မထားဘူး။အရပ်ဝတ်နဲ့ကို အီကွေ့မန့်(Equipment)ပဲဝတ်လာတာ။သတင်းရလို့ စောင့်ပစ်တာ။အကုန်သေတယ်။လက်နက်ခဲယမ်းတွေလည်းရတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှ တာဝန်ရှိသူ ရဲဘော်တစ်ဦး ကပြောသည်။
သေဆုံးသွားသည့် စစ်သားများထံမှ MA1 သေနတ်တစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ G3 တစ်လက်၊ Type 81 တစ်လက် ၊ MA5 တစ်လက်၊ 5.56ကျည် ၉၆ တောင့်၊ 7.62 ကျည် ၈၄ တောင့်၊ G3 ကျည် ၁၃၅ တောင့်၊ MA ကျည်ဘောက် ၄ ဘောက်၊ G3 ကျည်ဘောက် ၆ ဘောက်၊ Type 81 ကျည်ဘောက် ၂ ဘောက်၊ MA5 ကျည်ဘောက် တစ်ဘောက်၊ ဖုန်း ၄ လုံး ၊ ပါဝါဘဏ် တစ်လုံး၊ စကားပြောစက် တလုံးနှင့် ငွေကျပ် ၅ ထောင် တို့သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ယင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့သာမြို့မှ စစ်ကား ၃ စီးဖြင့်ရောက်ရှိလာကာ သေဆုံးစစ်သားအလောင်းများကို မြင်းခြံမြို့ထဲသို့ သယ်ဆောင်သွားကြောင်းသိရသည်။
“တိုက်ခိုက်ပြီးတော့ မကြာဘူး။ မြင်းခြံမြို့ကို ပိတ်လိုက်တယ်။အဝင်မခံဘူး။ပြီးတော့ မြို့သာကနေ စစ်ကားတွေရောက်လာပြီးတော့ ညနေပိုင်းမှာ မီးကျီးစုရွာကို မီးရှို့တယ်။တိုက်ပွဲဖြစ်တဲ့ မြင်းခြံမြို့အထွက်က ဘက်စုံခြံ၊တိုက်တန်းတွေကို ဝင်စီးတယ်။မနက် ၄ နာရီ မတိုင်ခင် ဖယ်ပေးရမယ်လည်းပြောတယ်။ဒီနေ့ (မတ်လ၁၂ရက်) ၆ နာရီမှာ သင်ပြွန်းရွာကို သေနတ်တွေနဲ့ပစ်ပြီး ဝင်နေတယ်” ဟု မြင်းခြံမြို့ခံ တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို အမှတ် ၈၁၅ PLA တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ (PLA) စုပေါင်းအင်အားနှင့် မြင်းခြံ 35 တပ်ဖွဲ့၊ BGF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။