ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေသော ဘီလူးကျွန်းလူငယ်တို့မှာ စစ်မှုထမ်းဥပဒေကြောင့် ယခုနှစ်သင်္ကြန် တွင် ဇာတိမြေသို့ ပြန်လာကြမည်မဟုတ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ဘီလူးကျွန်းသင်္ကြန်သည် ဘုရားပွဲသင်္ကြန်အဖြစ် နာမည်ကြီးကာ အကျွေးအမွေးမျိုးစုံဖြင့် ဧည့်ခံလေ့ ရှိကြောင်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)မှ ဇာတိစွန့်ခွာ အလုပ်လုပ်ကိုင်နေကြ သူတို့မှာ သင်္ကြန်သို့ရောက် တိုင်း ဇာတိမြေသို့ ပြန်လာကြသည်မှာ အစဉ်အလာတစ်ရပ်သဖွယ်ဖြစ်ပြီး ယခုနှစ်တွင်မူ စစ်ကောင် စီ၏ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် ဘီလူးကျွန်း၌ရှိနေသော လူငယ်များပင် ထွက်ပြေးနေကြကြောင်း ချောင်းဆုံအရှေ့၊ဘုရားကြီးကုန်းနေ ပြည်သူတစ်ဦးထံက သိရသည်။
“ကျမတို့ ဘီလူးကျွန်းသင်္ကြန်ကို ကျမတို့ ဇာတိသားတွေ သိပ်ချစ်ကြတယ်။ထိုင်းမှာ သွားအလုပ်လုပ် သူတွေဆိုလည်း နှစ်တိုင်းပြန်လာတာပဲ။ရန်ကုန်တို့လို့ ရောက်နေသူတွေလည်း သင်္ကြန်ဆိုဘီလူး ကျွန်းရောက်အောင်ပြန်လာတာပဲ။ ဒီနှစ်တော့ စခ တွေ ဒုက္ခပေးတာ ထိုင်းရောက်နေသူတွေလည်း မ လာဘူး။ရှိနေတဲ့လူငယ်တွေတောင် ကြံ့ဖွတ်(ပြည်ခိုင်ဖြိုးပါတီ)တွေတောင် စစ်တပ်ထဲဝင်ရမှာ ကြောက်လို့ ထွက်ပြေးနေပြီ” ဟု ၎င်းကပြောသည်။
ထိုင်းသို့ရောက်ရှိ အလုပ်လုပ်ကိုင်နေသော လူငယ်များကို ၎င်းတို့၏ မိဘများကိုယ်တိုင်က သင်္ကြန် ကာလ ရွာမပြန်ရန် လှမ်းမှာနေကြကြောင်း ချောင်းဆုံမြို့နယ်၊မုရစ်ကြီးရွာသားတစ်ဦးကပြောသည်။
“ရွာပြန်လာတဲ့လမ်းမှာ ဖမ်းပြီးစစ်ထဲထည့်နိုင်တယ်။ရွာထဲမှာရှိနေတုန်း ဝင်ဖမ်းလည်း ခံရမှာပဲ။ ပြီး တော့ ထိုင်းပြန်တော့မယ့်အချိန် ပြန်လို့မရတော့တာလည်း ဖြစ်နိုင်တယ်။ထိုင်းအပြန်လမ်းမှာ ဖမ်းတာတို့ ငွေညှစ်တာတို့ လုပ်နိုင်တယ်။အောင်ကြည်သိန်း(စစ် ကောင် စီခန့် မွန်ပြည် နယ်ဝန်ကြီးချုပ်)ဆိုတဲ့ကောင်က သူမျက်နှာရဖို့ပဲ သိတယ်။ ကိုယ့်တစ်နယ် တည်းသားတွေကို ဘာမှ အကာအကွယ်ပေးမှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
ချောင်းဆုံမြို့နယ်၊ကွမ်သဲရွာသားတစ်ဦးကလည်း ထိုင်းတွင် အလုပ်လုပ်နေသော ၎င်း၏ သားသမီး နှင့်တူ များကို သင်္ကြန်ရွာမပြန်ရန် မှာကြားထားပြီးဖြစ်ကြောင်း ဆိုသည်။
“မင်းအောင်လှိုင်လက်ထက်မှာ ပြည်သူတွေရဲ့ဘဝက ကိုယ့်ရွာကိုယ်မပြန်ရဲတဲ့ဘဝ၊ ကိုယ့်အိမ်မှာ ကိုယ်မနေရဲတဲ့ဘဝတွေပါ။ ဒီဝဋ်ကနေ မြန်မြန်ကျွတ်ချင်ပါပြီ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းက လာမည့် မေလတွင် ဘီလူးကျွန်းလူငယ် ၄၇ဦး စစ်မှုထမ်းရမည်ဟု ဖေဖေါ်ဝါရီ၁၇ရက်နေ့၊ ချောင်းဆုံမြို့နယ်၊ကုလားဘီကျေးရွာရှိ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံသည့်ပွဲ၌ ပြောကြားခဲ့သည်။
ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်ရွာသားဖြစ်သော အောင်ကြည်သိန်းက စစ်မှုထမ်းခွင့်ရသည့်အပေါ် ဂုဏ်ယူရမည့်ပုံစံမျိုး ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ထို့နောက်ချောင်းဆုံမြို့နယ်အတွင်းရှိ ယုံကြည်စိတ်ချရသူများကို ဦးစားပေး ရွေးချယ်ကာ စစ်မှု ထမ်းခိုင်းမည်ဟု သတင်းထွက်ပေါ်နေသဖြင့် စစ်ကောင်စီအသိုင်းအဝိုင်းဖြစ်သည့် ပြည်ခိုင်ဖြိုး နှင့် အရန်မီးသတ်လူငယ်များပါ ထွက်ပြေး တိမ်းရှောင်နေကြကြောင်းသိရသည်။