စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ကျေးရွာသို့ စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက် ဝင်ရောက်လုယက်ခဲ့ ရာ အမျိုးသားတစ်ဦး ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့(မတ်လ ၁၁ ရက်)နံနက် ၆ နာရီဝန်းကျင်တွင် မုံရွာမြို့နယ်မှ အင်အား ၇၀ ဝန်းကျင်ဖြင့် ထွက်ခွာလာသော စစ်တပ်သည် ဘုတလင်မြို့နယ်၊မြို့ပေါ်ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊လက်နက်ငယ်များပစ်ခတ်ကာ ဝင်ရောက်ခဲ့ရာ အသက် ၅၀ ဝန်းကျင်အမျိုးသား ၁ ဦး ကျည်ထိမှန်သေဆုံးကာ အသက် ၇၅ နှစ်အရွယ်နှင့် ၅၇ နှစ်အရွယ်အမျိုးသား ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဘုတလင်မြို့နယ်ပကဖ ထံက သည်။
“စစ်သားတွေ ပစ်လိုက်တဲ့ ၄၀ သီး(၄၀ – မမ လက်နက်ကြီး)ကြောင့် ၁ ယောက်သေတယ်။၂ ယောက် ဒဏ်ရာရတယ်။အဲ့ဒီ ၃ ယောက်နားကို ၄၀ သီးက ကျတာ။နေအိမ်နဲ့ နွားတင်းကုပ်တွေကို မီးရှို့တယ်။ရွာထဲမှာ ပြည်သူတွေက ပြေးတဲ့သူပြေးကြတော့ နေအိမ်တွေထဲက တန်ဖိုးရှိတာတွေကို ယူတယ်။ပြီးရင် မီးရှို့တယ်”ဟု ဘုတလင်မြို့နယ်ပကဖ၊ လူသားစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ခံ က ပြောသည်။
ယင်းစစ်ကြောင်း၏ မီးရှို့မှုကြောင့် နေအိမ် ၁၃ လုံးနှင့် နွားတင်းကုပ် ၁၂ လုံး ပြာကျခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် နံနက် ၇ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် မြို့ပေါ်ကျေးရွာမှ မုံရွာမြို့နယ်၊ ပဒုံကျေးရွာသို့ ထွက်ခွာသွားကြောင်းသိရသည်။
“ရွာကို ဝင်တော့ ပြည်သူတွေပြေးရတယ်။ဘာပစ္စည်းမှ မသယ်နိုင်ဘူး။အိမ်တွေမှာ ကျန်တဲ့ပစ္စည်းတွေမှန်သမျှ တန်ဖိုးကြီးတယ်ဆိုရင် စစ်ခွေးတွေက သူတို့လိုချင်တာယူပြီး ကျန်တာတွေကို မီးရှို့ခဲ့တယ်။အမြဲတစေ စစ်ရှောင်နေရတာတော့မဟုတ်ဘူး။စစ်ကြောင်းဝေးရင် ရွာပြန်ဝင်တယ်။ပြန်လာရင် ပြန်ပြေးတယ်။ဘယ်မှလည်းသွားစရာမှမရှိတာ”ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။
၂၀၂၂ ခုနှစ် မေလ ၅ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီတပ်က မြို့ပေါ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်မှာ ၅ကြိမ်ရှိပြီဖြစ်ပြီး နေအိမ် ၅၆ လုံးမီးလောင်ပျက်စီးခဲ့ပြီးဖြစ်သည်။





