ရက္ခိုင့်တပ်တော်ထံ လက်နက်မချဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောတောင်ထဲတွင် ရှိနေနိုင်သေးသဖြင့် ဒေသခံပြည်သူများ သတိထားသွားလာရန်နှင့် လုံခြုံရေးသတိရှိကြရန် ရက္ခိုင့်တပ်တော်က မတ်လ ၉ ရက်က သတိပေးထားသည်။
ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်တောင်များထဲတွင် အုပ်စုငယ်များအနေနှင့်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်း ကောင်း ရှိနေနိုင်ဆဲဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် နေ့၊ ည သွားလာသောအချိန်များတွင် သတိထားသွားလာကြရန် အသိပေးထားသည်။
“AAက သိမ်းပိုက်ထားပြီဆိုပေမယ့်လည်း မြို့ထဲကိုတော့ ဝင်ခွင့်မရသေးပါဘူး။ မြို့ပေါ်ကနေ ကိုယ့်ရှိတာလေးတွေ ယူပြီး နယ်ဘက်ကို စစ်ရှောင်ရတာဆိုတော့ ပါလာတာတွေနဲ့ပဲ နေထိုင်စားသောက်ရတယ်။ အခုတော့ ရှောင်နေရတာကလည်း ၃၊ ၄လလောက်ဖြစ်လာတဲ့အခါကျတော့ ပါလာတာလည်း ကုန်သလောက်ဖြစ်နေပြီလေ။ အဲ့တော့ ကိုယ်ရောက်နေတဲ့ နေရာမှာပဲ လုပ်ကိုင်စားသောက်ရတာပေါ့။ ထင်းခုတ်၊ ဝါးခုတ်တွေတော့ လုပ်ရတာပဲ။ သွားတဲ့အခါတွေကျလည်း သတိဝရိယတော့ ထားရတာပါ။ သွားရင်းနဲ့ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)နဲ့ တွေ့တာတွေ ဘာတွေ ဖြစ်ရင်တစ်ခုခု လုပ်သွားမှာ စိုးရတာလေ။ ယောကျ်ားလေးဆိုလည်း တစ်ယောက်တည်းမသွားဘဲနဲ့ အဖော်အပေါင်းတွေနဲ့ပဲ သွားရတာပေါ့”ဟု မင်းပြားမြို့နယ်တွင်နေထိုင်သည့် စစ်ရှောင်တစ်ဦးက ပြောသည်။
“ညနေစောင်းပြီဆိုရင် မီးခိုးမထွက်အောင်နေရတယ်။ မီးခိုးငွေ့ နည်းနည်းတွေ့တာနဲ့ နည်းနည်း လာပစ်တာပဲ။ တောထဲ တောင်ထဲသွားမှတော့ မဟုတ်ဘူး။ စစ်ရှောင်နေတဲ့နေရာမှာတင် သတိထားနေရတာပါ။ AAကကျတော့ ကိုယ့်လူမျိုးတွေ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့အတွက်လည်း လုပ်ပေးရတယ်။ ကိုယ်တွေကျန်ခဲ့တဲ့ ပစ္စည်းတွေလည်း ထိခိုက်ပျက်စီးမှုနည်းအောင် လုပ်ပေးရတယ်။ ဒါတောင် သူတို့ လေကြောင်းနဲ့ ဗုံးကြဲလို့ ကျန်ခဲ့တဲ့ အိမ်တွေလည်း ပျက်စီးကုန်တယ်။ အဲ့ဒီတော့ ကိုယ်တွေကလည်း ရှောင်နေရတဲ့နေရာတွေမှာ ကိုယ်တွေလုံခြုံရေးကို ကိုယ်တိုင်ပဲ လုပ်ရတာပေါ့”ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ရခိုင်ဒေသတွင်းတွင် ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံနေရပြီး စစ်ဘေးရှောင်များအတွက် အကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ရှောင်နေရတာဆိုတော့ လိုအပ်တာတွေကတော့ အများကြီပေါ့ဗျာ။ စားရေးသောက်ရေး ဆေးဝါးဒုက္ခတွေပေါ့။ ပိုက်ဆံက နည်းနည်းပဲရှိတာဆိုတော့ နေမကောင်းတဲ့ အဖေကိုလည်း ဆေးမကုနိုင်ဘူး။ အဲ့ဒီထဲကနေပဲ ဆန်ဝယ်လိုက်၊ ဆီဝယ်လိုက်နဲ့ပဲနေရတယ်။ စစ်ရှောင်အနေနဲ့သွားရတော့ ကိုယ့်မှာ ပိုင်တာ ဘာမှ မရှိတော့ဘူး။ ပိုက်ဆံရှိသူက အဆင်ပြေတာပေါ့။ အစားအစာရောင်းတဲ့သူတွေကတော့ အဆင်ပြေတာပေါ့။ အရင်က လက်ဖက်ရည်တစ်ထုပ်ကို ၃၀၀ လောက်ပဲရှိတာ။ အခု တိုက်ပွဲတွေဖြစ်တော့ တစ်ထုပ်ကို ၈၀၀၊ ၁၀၀၀ ဖြစ်သွားတာ။ သူတို့ပဲ မြတ်ထွက်သွားတာ”ဟု ရခိုင်ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ၎င်းတို့သတ်မှတ်ထားသော စစ်ရေးပစ်မှတ်ကြီးများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေဆဲဖြစ်ပြီး ယခုရက်သတ္တပတ်အတွင်း စခန်းအချို့ဆုံးရှုံးလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်လျားဖြင့် ခြေဦးတည့်ရာသို့ လွှတ်မြောက်ရန်ကြိုးစားနေသဖြင့် တစ်ယောက်မကျန် ဖမ်းဆီးရမိစေရန်အတွက် ရက္ခိုင့်တပ်တော်က လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။