ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ KIA တပ်မဟာ ၃ နယ်မြေ၊ ဖားကန့်မြို့နယ်၊ တာမခံကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ ခမရ ၁၁၉ စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်များက ယမန်နေ့(မတ် ၉ရက်)၊ ည ၈နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
“ မနေ့ (မတ် ၉ ရက်) ညပိုင်းက စခန်းကို သိမ်းပိုက်လိုက်နိုင်တာ အတည်ပြုပါတယ်၊ စစ်တပ်ဘက်က သေဆုံးမှုများပါတယ်၊ လက်နက် ၂၄ လက် သိမ်းမိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
KIA မှ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်၏ ခမရ ၁၁၉ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဥ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကာ၊ ဖားကန့် တပ်မကုန်းနှင့် ဆန်းကြွယ်ဗျူဟာကုန်းဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူသောကြောင့် တာမခံကျေးရွာမှ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“ ရဲစခန်းမှာနေနေကြတာလည်း စစ်သားတွေပဲ၊ ခမရ ၁၁၉မှာက ပြည်သူ့စစ်တွေနဲ့ စစ်သားတွေ နေတာတဲ့၊ အင်အားများတယ်။ ဘန်ကာတွေကလည်း အခိုင်အမာဆောက်ထားတာ၊ လေယာဥ်နဲ့လည်း စခန်းကုန်းဘက်ရော၊ တာမခံရွာဘက်ရော ကြဲတာ၊ ရွာထဲလည်း အိမ် ၄၀၀လောက်မီးလောင်သွားတယ်။ သုံးပုံနှစ်ပုံလောက် ပျက်စီးသွားပြီ” ဟု တာမခံကျေးရွာမှ စစ်ရှောင်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်၏ ခမရ ၁၁၉ စခန်းသည် ဖားကန့်ဗျူဟာကုန်းပြီးလျှင် ဒုတိယအခိုင်ခံ့ဆုံးဖြစ်သည့် တပ်စခန်းတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ ခမရ ၁၁၉ က ဖားကန့် အဝင်အထွက်မှာ အဓိကကျတယ်၊ အဲ့ဒါကြောင့်လည်း စစ်တပ်က အပြင်းအထန်ခုခံတာ” ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် မတ် ၃ ရက်နေ့တွင်လည်း အင်အား ၈၀ ခန့်ပါရှိသော စစ်ကောင်စီတပ်၏ ခလရ ၄၂၊ ခလရ ၁၂၊ ခလရ ၇၆ ပူးပေါင်းစစ်ကြောင်းသည် တာမခံကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့်၊ KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှူများ ရှိခဲ့သည်။
“ အခုည (မတ် ၉ ရက်) ကတော့ သတင်းကောင်းကြားရပေမယ့် လေယာဥ်ကြောင့် သတိထားပြီး နေနေရတယ်” ဟု တာမခံဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်တွင် KIA နှင့် KPDF တပ်ဖွဲ့များက တာမခံကျေးရွာရှိ နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ၊ စစ်သုံ့ပန်း ၁၁ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။