စစ်သားအချို့ ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ဆင်ကာ စစ်ကြောင်းထိုးလာခြင်းမှာ ရက်စက်ယုတ်မာအောက်တန်းကျသည့် လုပ်ရပ်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
မတ်လ ၆ရက်နှင့် ၇ရက်နေ့က စစ်သား အင်အား ၅၀၀ ကျော်တို့ တောင်ကြီးမြို့ဘက်မှ ဟိုပုံးမြို့နယ်သို့ စစ်ကြောင်းချီတက်စဉ် စစ်သားအချို့မှာ ပအိုဝ်းအမျိုးသားဝတ်စုံ ဝတ်ဆင်ထားကြောင်းသိရသည်။
“ အခုက ပအိုဝ်းအမျိုးသားဝတ်စုံကိုဝတ်ပြီးတော့ ပအိုဝ်းဒေသကို ဖျက်ဆီးတဲ့အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တာဖြစ်တယ်ပေါ့။ပြီးတော့ လူမျိုးတစ်မျိုးရဲ့ယဥ်ကျေးမှုတွေကို ဖျက်ဆီးနေတာဖြစ်တယ်ပေါ့နော် ။ဒါက အင်မတန်မှ ရက်စက်ယုတ်မာတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ပြောချင်တယ်” ဟု ၎င်းက ပြောသည်။
မတ်လ ၆ရက်နေ့က စစ်ကားအစီး ၅၀ခန့်တွင် စစ်သားများ အပြည့်တင်ဆောင်ကာ ဟိုပုံးမြို့နယ်သို့ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ဟိုပုံးမြို့နေပြည်သူတစ်ဦးက ပြောသည်။
“ သူတို့က တောင်ကြီးဘက်ကနေလာတာ။ဟိုပုံးကို မနေ့(မတ်၈ရက်)ကတည်းက ရောက်နေပြီ။တိုက်ပွဲကြီးကတော့ မဖြစ်သေးဘူး။လက်နက်ကြီးကတော့ ဒီကြားထဲ ဆက်တိုက်ပစ်နေတာ။တစ်ခါတလေဆို အလုံး ၁၀၀ကျော်တယ်။ပအိုဝ်းအမျိုးသားဝတ်စုံတွေနဲ့ စစ်ကြောင်းချီလာတာ ပြည်သူ့စစ်(PNO)တွေမဟုတ်ဘဲ စစ်သားတွေပါ ။ဆီဆိုင်မြို့မြောက်ဘက်နဲ့ ဆိုက်ခေါင်စံပြကျေးရွာမှာ ခြေကုပ်စခန်းယူထားတဲ့ကောင်တွေကို အင်အားလာဖြည့်တာထင်တယ်” ဟု ၎င်းက ပြောသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ပအိုဝ်းအမျိုးသားဝတ်စုံများဝတ်ကာ စစ်ကြောင်းထိုးခြင်းသည် အလုံးစုံပျက်စီးရေးကို ဦးတည်သည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ခွန်ရိန်းယံက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် PNLAတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး စစ်ရေးပြင်းထန်လျက်ရှိကြောင်း PNLAတပ်ဖွဲ့ထံက သိရသည်။



