ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်(၅)ဦးကို မတ် ၆ရက် ၊ ညနေ၇နာရီခွဲခန့်တွင် လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CDF(Hakha)က ဗွီဒီယိုဖိုင်နှင့်တကွ မတ်၈ရက်၌ သတင်းထုတ်ပြန်သည်။
CDF(Hakha)အနေဖြင့် ဒရုန်းစစ်ဆင်ရေးအဖြစ် စစ်ဆင်ရေးတစ်ခုဆင်နွှဲခဲ့ပြီး ဟားခါးမြို့ပေါ်ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေး(နတလ)ကျောင်းတွင် လုံခြုံရေးယူနေသည့် နှစ်ပွင့်ဗိုလ်အပါအဝင် ရဲ(၅)ဦးကို ပစ်ခတ်မှုမရှိဘဲ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု CDF (ဟားခါး)ဗဟိုကောင်စီ ပြောရေးဆိုခွင့်ရှိသူက MPAကိုပြောသည်။
” နတလကျောင်းမှာ ရဲတွေကခဏခဏတာဝန်ကျတယ်။ ကင်းစောင့်အနေနဲ့ပေါ့။ အဲ့ဒါကိုကျတော်တို့စောင့်ကြည့်ပြီးတော့ အခြေအနေကောင်းတဲ့အချိန်မှာ ဝင်ဖမ်းတာပါဗျ၊ သေနတ်တစ်ချက်မှမဖောက်ဘဲ သူတို့ကိုအကုန်ဖမ်းတာပါဗျ” ဟု ၎င်းကပြောသည်။
ဖမ်းဆီးရမိသည့် ရဲများနှင့်အတူ G3သေနတ် (၅)လက်၊ ခြောက်လုံးပြူးသေနတ်(၁)လက်နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
အဆိုပါရဲတပ်သားများဖမ်းဆီးခံရပြီးနောက် မြို့ပေါ်နေရာများတွင် စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်ထားပြီး မတ်လ(၇)ရက် ၊ ည၁၀ နာရီခန့်တွင် ပြည်သူတစ်ဦးအား ပစ်သတ်ခဲ့သည်ဟု ဟားခါးဒေသခံတစ်ဦးကပြောသည်။
“ ဟားခါးမှာက ညနေ၆နာရီကနေ မနက်၆နာရီထိ အပြင်မထွက်ရအမိန့်ထုတ်ထားတယ်။ ဒါကို သူကညဘက်ထွက်တာနဲ့ ရှုခင်းသာနဲ့ ၂၆၆စစ်တပ်ကုန်းအကြားမှာ ပစ်သတ်ခံလိုက်ရတာ၊ သတ်ခံရတဲ့လူက အသက်၅၀ ကျော်အရွယ် ဦးလွာန်မှုန်းတဲ့” ဟု ၎င်းကဆိုသည်။
CDF (ဟားခါး) အနေဖြင့် ဖမ်းဆီးရမိသောရဲတပ်သားများကို ကောင်းကောင်းမွန်မွန်း ကျွေးမွေးထိန်းသိမ်း၍ နိုင်ငံတကာစစ်သုံ့ပန်းဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။