စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာကို စစ်ကောင်စီတပ်က ၄ ကြိမ်မြောက် အဖြစ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ (မတ်လ ၉ ရက်)နံနက်ခင်း ၆နာရီခန့်တွင် စစ်တပ်က ဇီးတောရွာထဲသို့ ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် အလုံး ၂၀ မီးလောင်ပျက်စီးသွားခဲ့သည်။
“ ဇီးတောရွာက ခဏခဏ မီးရှို့ခံနေရတာ။အခုကလည်း နွေပေါက်ပြီ။ နေကပြင်းပြင်းနဲ့ အိမ်ကမီးထဲပါသွားတာ။ နေဖို့ထိုင်ဖို့လည်း ဘယ်လိုမှအဆင်မပြေကြဘူး။စားစရာ၊ဝတ်စရာကအစ မီးထဲအကုန်ပါသွားတာ။ခါးမှာဝတ်ထားတဲ့ အဝတ်ပဲ ရှိတော့တာ” ဟု အိမ်မီးရှို့ခံရသည့် အသက် ၅၀အရွယ်ရှိ အမျိုးသမီးတစ်ဦးကပြောသည်။
၂၀၂၂ ၊ဩဂုတ် ၁၂ ရက်နေ့တွင်ဇီးတောရွာထဲရှိ အိမ် ၅၅လုံးကို စစ်တပ်က ပထမအကြိမ်အဖြစ် မီးရှို့ ဖျက်ဆီးခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် အိမ် ၂လုံးနှင့် ဖေဖော်ဝါရီ ၂၉ရက်တွင် အိမ် အလုံး၆၀ ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်။
“ အားလုံးက ခက်ခဲနေကြပြီ စစ်ရှောင်ကလည်း တစ်ရက်ပြီးတစ်ရက် ပိုပိုများလာတယ်။ ဘဏ္ဍရေး ဘတ်ဂျက်ကလည်း ရှာဖွေလို့ အဆင်မပြေကြတော့ဘူး။ စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့ကလည်း ကိုယ်အဖွဲ့နဲ့ကိုယ် လည်ပတ်ရပ်တည်ဖို့အထိတောင် အင်မတန်ခက်ခဲနေကြတာမို့ စစ်ရှောင်တွေကို ကူညီပေးကြဖို့နဲ့ ဖေးမကူညီ လက်တွဲပေးကြပါ” ဟု ဘုတလင်စစ်ရှောင်များကို ကူညီပေးနေသည့် Helping Hands For People အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ဇီးတောရွာသည် ဘုတလင်-မုံရွာ ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ကာ စိုက်ပျိုးရေးဖြင့် အဓိက အသက်မွေးကြသည်။





