By MPA
အကြမ်းဖက်စစ်တပ်လက်အောက်ခံ မင်္ဂလာဒုံထောက်ပို့တပ်ရင်း(၃၂၃)တွင် သြဂုတ်လ၁၅ရက်နေ့ညကစစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
“မနေ့ညကဖြစ်ပွားခဲ့တာပါ။ ညဘက်ကင်းကျနေတဲ့ စစ်သား အချင်းချင်းမူးပြီး ပစ်တဲ့သဘောပါပဲ” ဟု အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဦးက MPAသို့ပြောသည်။
လက်ရှိအချိန်ထိ ရရှိထားသော သတင်းများအရ မည်သည့်ရာထူးအဆင့် စစ်သားများသေဆုံးခဲ့သည်ကိုတော့သိရှိရခြင်းမရှိပေ။ မင်္ဂလာဒုံထောက်ပို့တပ်အတွင်း ဖြစ်ပွားခဲ့သည့် သေနတ်သံများကြောင့် တပ်တွင်းပုန်ကန်မှုဖြစ်ပွားသည့် သတင်းများထွက်ပေါ်လာခြင်းအပေါ်၎င်းက ငြင်းဆိုခဲ့သည်။
“တပ်တွင်းပုန်ကန်မှုတော့မဟုတ်ပါဘူးဗျ။ ဒါမျိုးကတပ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဥ်မျိုးပါ” ဟုသတင်းရင်းမြစ်ကဆိုပါသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်တပ်မှထွက်လာသူ ၁၅၀၀ခန့်ရှိလာပြီဖြစ်ကြောင်း CDMပြုလုပ်ထားသည့်ဗိုလ်ကြီးလင်းထက်အောင်၏ ပြောကြားချက်ကို ကိုးကားပြီး Myanmar Now သတင်းဌာနက ဖော်ပြထားသည်ကိုတွေ့ရသည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် စစ်တပ်ဝန်းများအတွင်းမှ တပ်မိသားစုများကို ကိုဗစ်ရောဂါကာကွယ်ရေးအကြောင်းပြပြီး ပြင်ပသို့ထွက်ခွါခွင့်များပိတ်ထားသည်။စစ်တပ်အနေဖြင့် အာဏားသိမ်းပြီးနောက်ပိုင်းတွင်မည်သည့်ရာထူးမဆိုနှုတ်ထွက်ခွင့်များပေးခြင်းမရှိတော့ပဲ အသုံးပြု၍မရလောက်အောင်ဒဏ်ရာရရှိသူများကို အနားပေးသည့်လုပ်ငန်းစဥ်များလည်း နှောင့်နှေးလျက်ရှိနေသည်ဟု သိရသည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ပြည်သူလူထုအနေဖြင့် စစ်သားများကို ပြည်သူများနှင့် ပူးပေါင်းပြီး CDMလှုပ်ရှားမှုတွင် ပါဝင်ရန်တိုက်တွန်းခဲ့ကြသည်။စစ်တပ်၏ပိတ်ပင်မှုများ၊ပြည်သူလူထုအပေါ်နှိပ်စက်ညှင်းပန်းခြင်းများအပေါ်တွင်မကျေနပ်ကြသော စစ်သားအချို့အနေဖြင့် CDMလှုပ်ရှားမှုတွင်ပါဝင်လာကြသော်လည်းတပ်တွင်းပုန်ကန်မှုမှာ မည်သည့်တပ်တွင်မှဖြစ်ပေါ်ခဲ့ခြင်းမရှိသေးပေ။
#မဂ်လာဒုံ #ထောက်ပို့ #မူးပြီးပစ်ခတ် #၂ဦးသေ #MPA