စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်အထိုင်ချစခန်း ၃နေရာကို ၂ရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။
မတ်လ ၆ရက်၊ နံနက် ၉နာရီ မိနစ်၅၀ခန့်က ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသည့် စာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံးသီး ၁၂လုံးနှင့် မတ်လ ၇ရက် နံနက် ၁၀နာရီ ၁၅မိနစ်ခန့်တွင် ရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို ဗုံးသီး ၆လုံးကြဲချခဲ့ရာ စစ်သား ၃ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း Yaung Ni (Shwebo) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။
“ ရဲစခန်း၊စစ်တပ်အထိုင်ချထားတဲ့စာသင်ကျောင်းနဲ့ စာရင်းစစ်ရုံးတို့ကို ၂ ရက်ဆက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာပါ။ပထမနေ့မှာ ဗုံးသီး ၁၂ လုံးကြဲချတယ်။ဒုတိယနေ့မှာ ၆ လုံးကြဲချတိုက်ခိုက်တယ်” ဟု ၎င်းကပြောသည်။
ဒဏ်ရာရရှိသူ ၃ဦးအနက် ၂ဦးမှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ၁ဦးမှာ မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagle Guerrilla Force) အဖွဲ့တာဝန်ခံ ဗိုလ်ကောက်ရိုးကပြောသည်။
“ ၂ယောက်ကသေနိုင်တယ်။ ၁ယောက်ကတော့ သေနိုင်လောက်တဲ့အခြေအနေမရှိဘူး။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီးပစ်တာမျိုးတွေရှိတယ်။ တိုက်ခိုက်မှုပြီးတော့ မြို့ထဲ စစ်ဆေးမှုတွေလည်းလုပ်တယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို Yaung Ni ShweBo ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း၊ မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း အဖွဲ့၊ကြောင်လက်သည်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်)၊ Drop For Justice – DFJ အဖွဲ့ ၊ မင်းသားကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဝက်လက်)၊ ငါန်းဇွန်မြို့နယ် (ပ.က.ဖ) နှင့် ဒီပဲယင်းမြို့နယ် (ပ.က.ဖ) တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။