ကချင်ပြည်နယ်၊ ဗန်းမော်မြို့ တက္ကသိုလ်ဝင်းအတွင်းရှိ ဝန်ထမ်းများကို ညတွင်းချင်းနေရာရွှေ့ပြောင်းပြီး စစ်တပ်ကတပ်စွဲနေရာယူထားကြောင်း တက္ကသိုလ်ဝင်းအတွင်းနေထိုင်သည့် ကျောင်းသားတစ်ဦးက MPAသို့ပြောသည်။
ယမန်နေ့(မတ်လ ၇ ရက်)၊ ည၇နာရီ ဝန်းကျင်ခန့်တွင် ဗန်မော်မြို့ နန်ဖားတက္ကသိုလ်ဝင်းအတွင်းရှိ ဆရာ၊ ဆရာမ၊ကျောင်းသား၊ ကျောင်းသူနှင့် ဝန်ထမ်းများအားလုံးကို စစ်ကောင်စီက နေရာပြောင်းရွှေ့ခိုင်းကာ အင်အားအလုံးအရင်းဖြင့် တပ်စွဲလိုက်ခြင်းဖြစ်သည်။
“ ညတွင်းချင်းရွှေ့ခိုင်းတာ၊ ညဘက်ကြီးဆိုတော့ နေရပ်ကို ချက်ချင်းပြန်လို့ကလည်းမရဘူး။ အဲ့ဒီတော့ သူတို့ ရွှေ့ခိုင်းတဲ့ နည်းပညာတက္ကသိုလ်ကို ရွှေ့လိုက်ရတယ်။ တစ်ချို့ကတော့ ကိုယ့်အစီအစဥ်နဲ့ကိုယ် အိမ်ပြန်သွားကြပြီ” ဟု ကျောင်းသားတစ်ဦးက ပြောသည်။
ဆရာ၊ ဆရာမ ၊ကျောင်းသား၊ ကျောင်းသူနှင့်ဝန်ထမ်းများအပါအဝင် စုစုပေါင်း လူဦးရေ ၅၀၀ ကျော်အနက် အများစုကို ဗန်မော်နည်းပညာတက္ကသိုလ်သို့ ပြောင်းရွှေ့ထားပြီး တစ်ချို့ကို နေရပ်သို့ပြန်ခိုင်းခဲ့ကြောင်း သိရသည်။
“ ပြန်ဖို့လွယ်ရင် ပြန်ကြလို့ပြောတော့ ကျမလည်း ပြန်လိုက်တယ်။ တိုက်ပွဲဖြစ်ရင် ပိတ်မိနေမှာ ကြောက်တယ်။” ဟု တက္ကသိုလ် ဆရာမတစ်ဦးက ပြောသည်။
မတ် ၇ရက်နေ့မှစတင်ကာ KIA/KIO ဌာနချုပ်ဝန်းကျင်ရှိ စစ်ကောင်စီရှေ့တန်းတပ်စခန်းများကို KIAက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေပြီး တပ်စခန်း ၁၀ခုကို သိမ်းယူထားနိုင်ခဲ့သည်ဟု KIAသတင်းရင်းမြစ်က MPAသို့ အတည်ပြုပြောကြားထားသည်။
KIAက မြစ်ကြီးနား-ဗန်မော်လမ်းတစ်လျောက်ရှိ တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီဘက်မှ ဗန်မော်မြို့အတွင်း အင်အားအလုံးအရင်းဖြင့် တပ်စွဲနေရာယူကာ စစ်ပြင်ဆင်နေသည့်အတွက် ဗန်မော်မြို့ ဒေသခံများက စိုးရိမ်လျက်ရှိသည်။
“ တိုက်ပွဲတွေက အရမ်းကပ်လာတော့ အနီးဆုံးမြို့တွေကို မပေးရရေးအတွက် ကြိုပြင်နေတာမျိုးပေါ့၊ မြို့ထဲမှာလည်း လုံခြုံရေးအရမ်းတင်းကျပ်ထားတယ်” ဟု ဗန်မော်ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် လိုင်ဇာမြို့အနီးရှိ ရှေ့တန်းတပ်စခန်းများ သိမ်းယူခံထားရသည့် စစ်ကောင်စီက KIA/KIOဌာနချုပ် လိုင်ဇာမြို့ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ သေဆုံးမှုများလည်း ရှိခဲ့သည်။