ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ KIA တပ်မဟာ ၅နှင့် တပ်မဟာ ၃ နယ်မြေ၌ ယမန်နေ့ (မတ်လ ၇ ရက်) တွင် စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
“ ဖွန်းပျဲန်းဘွမ်တို့က ရှေ့တန်းတပ်စခန်းတွေ၊ အဲ့ဒီကနေ လိုင်ဇာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တဲ့ကုန်းတွေပါ။၊ဖွန်းပျဲန်ဘွမ်ကို မနေ့က ညနေ၃ နာရီလောက်မှာ သိမ်းမိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းများမှာ လိုင်ဇာမြို့အနီးရှိ အင်လုံခတပ်စခန်း၊ ဘွမ်ရေဘွမ်တပ်စခန်း၊ ဖွန်းပျဲန်းဘွမ်တပ်စခန်း၊ မလိယန်တပ်စခန်း၊ ခရာဘွမ်တပ်စခန်း၊ အင်တပ်ဘွမ်တပ်စခန်း၊ တာပိန်မြစ်တံတားတပ်စခန်းနှစ်ခု၊ မြို့သစ်ကာကင်းစခန်း၊ ဂွယ်ကထောင်တပ်စခန်းနှင့် ရှေ့တန်းတပ်စခန်းငယ်အချို့တို့ ဖြစ်ပြီး ရှဒန်ပါတပ်စခန်း၊ ရွှေညောင်ပင် ခလရ ၃၂၁နှင့် မိုးမောက်မြို့နယ်၊ မြို့သစ်နှင့် ကုန်းလောကျေးရွာရှိ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။
“ မနေ့ကဆို ခါရာဘွမ်နဲ့ ဖွန်းပျဲန်ဘွမ်ကနေပစ်လို့ ပြည်သူတွေသေတာလေ၊ ဖွန်းပျဲန်ဘွမ်ကို သိမ်းလိုက်တော့ လေယာဥ်နဲ့ထပ်လာတယ်၊ တနေကုန် အသံတွေ ငြိမ်မသွားဘူး၊ အခုမနက်ထိဘဲ” ဟု စစ်ရှောင်နေသည့် လိုင်ဇာဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် ယနေ့ (မတ် ၈ ရက်)၊ မနက်ပိုင်းတွင်လည်း လိုင်ဇာမြို့ထဲသို့ စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ရာ၊ တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်နှစ်လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့သည်။
“ အရပ်သားပစ်မှတ်ထားပြီး အသေအချာကို ဗုံးကြဲနေတာ၊ မနေ့ညကလည်း တစ်ညလုံးပဲ၊ ဒီနေ့ (မတ် ၈ ရက်) ဆို မနက် ၆ နာရီလောက်ကတည်းက လာလာကြဲတာ၊ ဘယ်နားကျမှန်း ထွက်မကြည့်ရဲဘူး။ တရုတ်ဘက်ထဲကတော့ မနေ့ကတစ်လုံး၊ ဒီမနက်လည်း ထပ်ကျတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ (မတ် ၇ ရက်)၊ အင်လုံခတပ်စခန်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသေဆုံးသွားသည့်အတွက် လေကြောင်းကို ပိုပြီးအသုံးပြုလာခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
လက်ရှိတွင် ဝိုင်းမော် – လိုင်ဇာလမ်း၊ ဗန်းမော် – မြစ်ကြီးနားလမ်းပိုင်း၊ လိုင်ဇာ၊ ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်များရှိ ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ယမန်နှစ် နိုဝင်ဘာလအတွင်းတွင်လည်း ဖွန်းပျဲန်ဘွမ်နှင့် ခရာဘွမ်တပ်စခန်းတို့မှ ပစ်ခက်သည့် လက်နက်ကြီးကျည်များ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲ၍ လူသေဆုံးခဲ့သော ဖြစ်စဥ်များ ရှိခဲ့သေးသည်။

