စစ်ကိုင်းတိုင်းအတွင်း မီးရှို့နေသည့် စစ်ကောင်စီက အသုံးလုံးစီမံချက် အကောင်အထည်ဖော်မည်ဟုဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။
ပြီးခဲ့သည့် မတ် ၅ရက်က မုံရွာမြို့တွင် ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းအတွင်း စာမတတ်မြောက်သူများကို စာရင်းပြုစုပြီး အသုံးလုံးစီမံချက်ဖြင့် စာသင်ကြားပေးနိုင်ရေး လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ယင်းကဲ့သို့ ပြောကြားသော်လည်း စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က နေ့စဉ်နီးပါး စစ်ကြောင်းထိုးကာ ကျေးရွာများသို့ ဝင်ရောက်မီးရှို့နေခြင်းကြောင့် ဒေသခံများထွက်ပြေး တိမ်းရှောင်နေရသဖြင့် ယင်းအစီအစဉ် ဖြစ်မြောက်မည်မဟုတ်ကြောင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စာသင်ဖို့နေနေသာသာ သူတို့ဘာသူတို့ (စစ်ကောင်စီတပ်) လူမသတ်ပါဘူး၊ မီးမရှို့ပါဘူး၊ ဘာမှ မလုပ်ပါဘူးဆိုရင်တောင် သူတို့လာတာနဲ့ ပြည်သူတွေက ထွက်ပြေးနေကြပြီ၊ သူတို့လာရင်ကို ပြေးရမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေက ပြည်သူတွေရဲ့ စိတ်ထဲမှာ ရှိနေတယ်။ ပြည်သူကို ဘာမှ မလုပ်ပါဘူးဆိုတာကိုလည်း မယုံနိုင်ဘူး ” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူများသည် စစ်ကောင်စီတပ်အပေါ် ယုံကြည်မှုကင်းမဲ့နေပြီး မျက်နှာချင်းဆိုင်ပင် တွေ့ဆုံလိုခြင်းမရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ သူတို့လာရင် ကောင်းသောလာခြင်းနဲ့ မဟုတ်ဘူးဆိုတာ စိတ်ထဲမှာ စွဲနေကြပြီ၊ စာသင်ပေးဖို့ဆိုတာထက်၊ ဟိုးတုန်းက စစ်တပ်က ထောက်ပံ့ပေးဖို့တွေ လာရင်တောင် ငတ်သေရင် သေပါစေ မယူဘူးဆိုပြီး နေကြတာ၊ တစ်ခုတော့ ရှိတာပေါ့၊ ပျူရွာတွေမှာတော့ လုပ်လို့ရရင် ရမှာပေါ့၊ ကျန်တဲ့ ပြည်သူတွေအတွက်ကတော့ လုံးဝမဖြစ်နိုင်ပါဘူး “ ဟု ဒီပဲယင်းမြို့နယ်မှ စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောသည်။
“ အခုကတော့ NUGကျောင်းတွေရယ်၊ နောက်ပြီး အဖွဲ့အစည်းတွေကနေ ကူညီပေးထားတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေမှာပဲ ကလေးတွေက ပညာသင်နေတာပါ၊ ကျတော်တို့လို့ CDMကျောင်းဆရာတွေကတော့ ကလေးတွေအတွက် ဒီလိုကျောင်းတွေမှာ သင်ကြားပေးနေတယ်။ အစိုးရကျောင်းတွေဆိုတာ မရှိသလောက်နည်းပါတယ်။ ကလေးတွေက မတက်ကြတာ များပါတယ်” ဟု ဒီပဲယင်းမြို့နယ်မှ CDM ကျောင်းစရာ တစ်ဦးက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ အသုံးလုံး စီမံချက်သည် ထိရောက်မှုမရှိနိုင်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီကျောင်းများ၌ပင် စာမသင်ချင်သူများ များပြားနေသောကြောင့် မအောင်မြင်နိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စကို တမင်သက်သက်ပဲ မျက်နှာပြောင်တိုက်နေတာလားတော့ မသိပါဘူး။ သင်ချင်ရင်တော့ စစ်ကောင်စီတပ်ထဲမှာ စာမတတ်တဲ့သူတွေ ပေါများနေတာကို၊ အဲဒါတွေပဲ အရင် သင်ပေးလိုက်ပါ့လား ” ဟု ရေဦးမြို့နယ်မှ CDM ကျောင်းဆရာတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်တွင် စာသင်ကျောင်းအတွင်း ကလေးငယ်များ စာသင်ကြားနေသည့်အချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှ ကလေးငယ် ၇ဦး အပါအဝင်၊ လူ ၁၂ဦးထက် မနည်း သေဆုံးခဲ့ရသည်။



