ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် စစ်ကောင်စီတပ်စခန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ပြည်သူ ၃ဦးသေဆုံးခဲ့သည့်အပြင် တရုတ်နိုင်ငံဘက်သို့လည်း လက်နက်ကြီးကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(မတ် ၇ရက်)၊ မနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် လိုင်ဇာမြို့၊ ဝေကြိုင်ရပ်ကွက်ရှိ သားအမိနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
“ မနက် ၁၀ နာရီလောက်က ဖြစ်တာ၊ မုန်လိုင်ခက်နဲ့ ဝေကြိုင်သွားတဲ့လမ်းမ လိုင်ဇာဆေးရုံနားမှာ ဖြစ်သွားတာ၊ အိမ်ခေါင်မိုးကို ပွင့်ထွက်တယ်။ သေတဲ့ ကလေးလေးကလည်း ခေါင်းကိုထိတာ၊ အဲ့ဒီလမ်းမပေါ်မှာဘဲ အမျိုးသားတစ်ဦး ဒဏ်ရာရတယ်” ဟု လိုင်ဇာဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
အလားတူ မုန်လိုင်ခက်စစ်ရှောင်စခန်းသို့ ဆိုင်ကယ်ဖြင့် သွားနေစဥ် လမ်းမပေါ်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ (မတ် ၇ ရက်)၊ နေ့လယ် ၁၂ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်က တိုက်လေယာဥ်များအသုံးပြု၍ လိုင်ဇာအနီးဝန်းကျင်သို့ ဗုံးများကြဲချနေပြီး၊ တရုတ်ဘက်ခြမ်းသို့လည်း လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
“ တိုက်လေယာဥ်ကို ဒီဘက်ကလည်း ပြန်ပစ်သံတွေကြားရတယ်။ လိုင်ဇာမြို့ရယ်၊ လိုင်စင်ရွာဘက်ကိုလည်း လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်” ဟု အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။
“ ပေါက်ကွဲသံတွေက အရမ်းကို ကျယ်လွန်းတယ်။ ကျမဆို လက်နက်ကြီးက အရှေ့တည့်တည့်နား လာကျတာ၊ အဲ့ဒီအလုံးက တရုတ်ဘက်ကျတာ ဟုတ်တယ်။ ပေါက်ကွဲပြီး ငါးမိနစ်လောက်အကြာမှ မြေမှုန့်အလုံးလိုက်တက်လာတာ” ဟု ကိုယ်တိုင်ကြုံတွေခဲ့ရသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ယမန်နှစ် အောက်တိုဘာ ၉ ရက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ၊ ကလေးငယ်များအပါအဝင် ပြည်သူ ၂၉ ဦး သေဆုံးခဲ့ပြီး ၆၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။