ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဆီဆိုင်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်သည် ကျဆုံးစစ်သားများအား ကား၂စီးဖြင့်တင်ကာ ပြန်ဆုတ်သွားပြီဖြစ်ကြောင်းသိရသည်။
မတ်လ၄ရက်၊ နံနက် ၆နာရီမှ ညနေ၅နာရီအထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်များသဖြင့် ဟိုပုံးမြို့ဘက်ခြမ်းသို့ တပ်ဆုတ်သွားကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
“ မနေ့(မတ်လ ၄ရက်)ကတော့ ဆီဆိုင်မြို့မှာ မနက်ကနေညနေအထိ တိုက်ပွဲတွေဖြစ်ပွားပါတယ်။ စစ်တပ်က နောက်ပြန်ဆုတ်သွားလို့ တိုက်ပွဲက အခုရပ်သွားတယ်ပေါ့နော်။မနေ့က ညနေခင်းအ ထိတော့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။အဲ့ဒီမှာ စစ်တပ်က ဒဏ်ရာရတဲ့သူနဲ့သေသွားတဲ့သူတွေကို ကား၂စီးနဲ့ သယ်သွားတယ်လို့ သတင်းရတယ်” ဟု ၎င်းက ပြောသည်။
တပ်ဆုတ်သွားသည့် စစ်ကြောင်းသည် ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့် အကြိမ် ၄၀ကျော်ပစ်ခတ်ခဲ့သဖြင့် မြို့တွင်းရှိ နေအိမ်များပျက်စီးခဲ့ကြောင်း ဆီဆိုင်မြို့ခံတစ်ဦးက ပြောသည်။
“ အိမ်ခြေက ပျက်စီးတာများတယ်။မီးလောင်သွားတဲ့ အိမ်တွေလည်းရှိတယ်။စာရင်းအတိအကျတော့မရှိဘူး။မြို့ထဲမှာလည်း ပိုက်ဆံရှိတဲ့သူတွေက ဘေးကင်းတဲ့နေရာ ပြောင်းနေပြီဆိုပေမယ့် ဒေသခံတချို့ ရှိနေတယ်။မနေ့က လက်နက်ကြီးပစ်လို့ သေတဲ့သူတော့မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ရုံသာမက ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်း PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
“ မနေ့ကတော့ မဲနယ်တောင်ဘက်ပေါ့။ဟိုပုန်းနဲ့ မိုင်းပွန်ကြားကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။အချက်ပေါင်း ၂၀ ကျော် ၃၀လောက်ရှိမယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်အတွင်းက ဟိုပုံး -မိုင်းပွန်လမ်းမပေါ် ဖြတ်သန်းသွားလာနေသည့် အိမ်စီးကားတစ်စီးကို စစ်တပ်နှင့်ပြည်သူ့စစ်(PNO)တို့က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ယာယီလမ်းပိတ်ခဲ့သေးကြောင်း ဆီဆိုင်မြို့ခံအချို့ထံကသိရသည်။








