မှော်ဘီနှင့် တိုက်ကြီးမြို့နယ်များရှိ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းများတွင် လေ့ကျင့်မွေးထုတ်ပေးခဲ့သော စစ်အကြမ်းဖက် အမာခံ ပျူစောထီး အဖွဲ့ဝင်အချို့ကို လက်နက်တပ်ဆင်ပေးပြီး ဖြစ်ကြောင်း ၎င်းအဖွဲ့မှ သိရသည်။
ပျူစောထီးအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) အမာခံများ၊ စစ်မှုထမ်းဟောင်းများ၊ အမျိုးသားရေးလှုပ်ရှားသူ(မဘသ)အဖွဲ့မှ အမာခံများကို အခြေပြုသော်လည်း လက်နက် တပ်ဆင်ပေးထားသူများမှာ စစ်မှုထမ်းဟောင်းမှ သန်မာဖျက်လတ်သူများ ဖြစ်ကြောင်း ရန်ကုန်ပျူစောထီးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။
“ မှော်ဘီမှာ လေ့ကျင့်ပေးခဲ့သူထဲက လူ ၂၀၊ တိုက်ကြီးမှာ လေ့ကျင့်ပေးခဲ့သူထဲက လူ ၂၀ လက်နက်တပ်ပေးထားပြီးပြီ။ ကျွန်တော်တို့ကို လူတိုင်းတော့ တပ်မပေးနိုင်ဘူး။ အရပ်သားတွေ အလုပ်က သတင်းပေးပို့ ဖြန့်ထုတ်ဖို့ပဲ။ သက်ဆိုင်ရာ မြို့နယ် စစ်ဒေသမှူးတွေဆီ တိုက်ရိုက်ချိတ်ဆက်ဖို့ပဲ” ဟု ရန်ကုန် ပျူစောထီးအဖွဲ့ဝင်ဆိုသူက MPA ၏ ဆက်သွယ်မေးမြန်းခြင်းကို ဖြေဆိုခဲ့သည်။
ယမန်နေ့က အလုံဘူတာ ဝန်းကျင်ရှိ မြို့ပတ်ရထားပေါ်တွင် လုံခြုံရေး လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်များကို လုပ်ကြံရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လက်ချက်မဟုတ်ဘဲ ပျူစောထီးများက နွေဦးတော်လှန်ရေးကို ပုံဖျက်ရန် လုပ်ကြံသည်ဆိုသည့် အချက်ကိုမူ ၎င်းတို့က ငြင်းဆန်ခဲ့သည်။
ပျူစောထီးအဖွဲ့ဝင်များကို တိုက်ကြီးမြို့နယ် ကျားချောင်းရွာနှင့် ကွမ်းသီးမြောင်ရွာ သွားသည့် ပဲခူးရိုးမ ဖြတ်လမ်းဘေးရှိ အကြမ်းဖက် စစ်တပ်၏ အမြှောက်တပ် လေ့ကျင့်ရေးကျောင်း နေရာတွင် ယခုရက်ပိုင်းအတွင်း (၅) ကြိမ်မြောက် ပျူစောထီးများကို လက်နက်ကြီး၊ လက်နက်ငယ် လေ့ကျင့်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သြဂုတ်လ ၁၄ ရက်နေ့ နေ့ခင်းပိုင်းတစ်လျှောက်လုံး အဆိုပါ စစ်ပစ်ကွင်းမှ လက်နက်ငယ် အတွဲလိုက်ပစ်သံများ ကြားခဲ့ရကြောင်း တိုက်ကြီးမြို့ခံတစ်ဦးက MPA သို့ အတည်ပြုသည်။
“ အဲ့နေ့က သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ တောထဲဆိုတော့ လူတော့ မမြင်ခဲ့ရဘူး။ ကျွန်တော်တို့က လမ်းဘေးကနေ တပ်ဝန်းထဲအထိ သွားမှမရတာ။ ကျွန်တော်တို့ ရှိနေတဲ့ နာရီဝက်လောက်တောင် သေနတ်သံ အချက် ၆၀ လောက် ကြားရတာ။ ကိုယ်လည်း ကြာကြာမနေရဲလို့ တိုက်ကြီးကို ပြန်ပြေးလာရတယ်” ဟု ဆိုသည်။
မှော်ဘီနှင့် တိုက်ကြီးမြို့နယ်သည် အကြမ်းဖက်စစ်တပ်များ အဓိကအခြေပြုရာ မြို့နယ်များ ဖြစ်သလိုပဲခူးရိုးမနှင့် တဆက်တည်း ရှိနေသည့်အတွက် စစ်ရေး လေ့ကျင့်ရာ နေရာများလည်းရှိသည်။
ထို့အပြင် အဆိုပါ မြို့နယ်ရှိ စစ်ရေးကျင့်ကွင်း ရှိသည့်တပ်များတွင် အကြမ်းဖက် စစ်ကောင်စီ၏ အမာခံ ရန်ကုန်၊ ပဲခူးနှင့် မန္တလေးတို့မှ ပျူစောထီး အဖွဲ့ဝင်များကို လက်နက်ကြီး၊ လက်နက်ငယ်များ လေ့ကျင့်ပေးခဲ့သည်။