ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ Zero မိုင်တွင် လူကြီးလမ်းကြောင်းစောင့်နေသည့်စစ်သားနှင့် ယာဉ်ထိန်းရဲတို့ကို ပြင်းအားမြင့် အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၆ဦး ပြင်းထန်ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
မတ်လ၁ရက်၊ ညနေ ၄နာရီမိနစ်၄၀ခန့်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Yangon Army (YA)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတာဝန်ခံက ပြောသည်။
“ အရင်နေ့တွေကအဲ့ဂိတ်(Zero Mile)မှာအင်အား၂ကောင်၊ ၃ကောင်ပဲရှိတယ်။မနေ့က မအလ(မင်း အောင်လှိုင်) ရန်ကုန်လာမှာမို့ လုံခြုံရေးယူပေးရတယ်ထင်တယ်။အင်အား ၁၅ နဲ့ ၂၀လောက်ရှိ တယ်။ရတဲ့အခွင့်အရေး လက်လွှတ်မခံဘဲ Missionဖော်ဆောင်လိုက်တာပါ” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်သား၂ဦးနှင့် ယာဉ်ထိန်းရဲ ၄ဦးတို့ အသက်အန္တရာယ်စိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း Yangon Army (YA)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ ဘဲဥ ၄ ကောင်နဲ့ စခ ၂ကောင် ထိပါတယ်။မိုင်းထိပြီး လွင့်ထွက်သွားတယ်။ဒါကမျက်မြင် အတည်ပြုနိုင်တာပေါ့။ပြင်းအားမြင့်မိုင်းဖြစ်လို့ ထိခိုက်ဒဏ်ရာပြင်းမှာပါ။အခု သေသလား၊ရှင်သလားတော့ သေချာမသိနိုင်ဘူး” ဟု ၎င်းက ပြောသည်။
တိုက်ခိုက်မှု အပြီးတွင် Zero မိုင်၌ လုံခြုံရေးတိုးမြှင့်ထားပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များအား မတ်လ၁ရက်၊ ည ၇နာရီ မှ ၈နာရီခွဲခန့် အထိ စစ်ဆေးခဲ့ကြောင်း လှည်းကူးဒေသခံတစ်ဦးက ပြောသည်။
“ မနေ့က ညနေ ၆နာရီ လောက်မှာ လူနာတင်ကားတွေရောက်တယ်။မင်္ဂလာဒုံဘက် ဆင်းသွားတယ်။၇နာရီလောက်မှ စစ်ကားတွေ ရောက်လာပြီး ဟိုကြည့် ဒီကြည့်နဲ့ ကား ၃စီးကိုပဲ တားစစ်တယ်။အဖမ်းခံရတဲ့သူတော့မရှိဘူး။အသံကတော်တော်ကျယ်တယ်။၂ချက်ကြားလိုက်ရတယ်” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၂၈ရက်နေ့ကလည်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖနှင့် YAတို့ပူးပေါင်းကာ Mytel ရုံးချုပ်ကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။