By MPA
ရုရှားနိုင်ငံထုတ် လေကြောင်းရန် ကာကွယ်ရေးအတွက် တင့်ကားများ၊ တိုက်လေယာဥ်များ၊ ဒုံးများနှင့် ရေတပ်သုံး တိုက်ရေယာဥ်များ ထပ်ပံရောက်ရှိမည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ အရာရှိ တချို့ထံမှ သိရသည်။
တိုက်ရေယာဥ်များတွင်း အသုံးပြုနိုင်မည့် LPD အမျိုးအစား ဒုံးရော့ကတ်၊ တိုက်လေယာဥ်များတွင် တပ်ဆင် အသုံးပြု၍ ရသော KS 1 အမျိုးအစား Missile များ၊ SU 30 Sms တိုက်လေယာဥ်များ၊ SU 57 တိုက်လေယာဥ်များကို ပေးပို့ရန်ရှိကြောင်း ရုရှားနိုင်ငံရှိ ပညာတော်သင် စစ်တပ်ဗိုလ်မှူးတဦးက MPA သို့ ပြောသည်။
“ အဲ့ဒီအပြင် မြေပြင်ကနေ Missile တွေနဲ့ ယှဥ်တွဲ အသုံးပြုလို့ရတဲ့ တင့်ကား T90s နဲ့ T 17 တင့်ကားနည်းပညာတွေ အတွက် အိန္ဒိယနဲ့ ပါကစ္စတန်မှာ သင်နေသူက သင်နေတယ်။ တင့်ကားတွေက တချိန်က တူရကီမှာ သုံးခဲ့တဲ့ဟာတွေ။ အရေအတွက်တော့ ကျနော်တို့ လက်လှမ်း မမီလို့ မသိရသေးဘူး။ ဒါက စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားလာခဲ့တဲ့ ခရီးစဥ် နောက်ဆက်တွဲတွေပဲ” ဟု ၎င်းက ဆိုသည်။
အဆိုပါ နည်းစနစ်နှင့် လေကြောင်းရန် ကာကွယ်ရေးအတွက် အသုံးပြုမည့် ပစ္စည်းများသည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အမေရိကန်၏ အာဏာကို တန်ပြန်နိုင်ရန် ရုရှားမှ စတင်ပြုလုပ်ခဲ့သည့် နည်းပညာနှင့် စစ်လက်နက် ပစ္စည်းများဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်ဆိုင်ရာ သုတေသန ပြုလုပ်ထားသော အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက် လေကြောင်းရန်ကာကွယ်ရေးအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ရေဒါများဖြင့် သြဂုတ်လ ၆ ရက်နေ့က စမ်းသပ်မှုများပြုလုပ်နေကြောင်း သိရသည်။
အဆိုပါစက်များသည် ဒုံးရော့ကတ်များနှင့် ယှဥ်တွဲအသုံးပြုသော မိုင်၅၀ ပတ်ဝန်းကျင်အထိ ထောက်လှမ်းနိုင်သည့် ရေဒါများဖြစ်သည်။
ယင်းရေဒါစနစ်ယန္တရားများမှာ ရုရှားနိုင်ငံနည်းပညာထုတ် ယန္တရားများဖြစ်ပြီး လေကြောင်းမှ ဝင်ရောက်လာမည့် တိုက်လေယာဥ်၊ ဒရုန်းယာဥ်များအား ထောက်လှမ်းနိုင်သည့်အပြင် တန်ပြန်ပစ်ခတ်နိုင်သည့်နည်းစနစ်ပါဝင်ကြောင်း သိရသည်။
ယင်းရေဒါစနစ်တင်ယာဥ်များမှာ ရုရှားနိုင်ငံမှ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ထုတ်လုပ်ခဲ့သည့် ယန္တရားများဖြစ်ပြီး ယခုနှစ် မြန်မာစစ်တပ် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ယာဥ်တန်းစစ်ကြောင်းများတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
#နေပြည်တော် #လေကြောင်းရန် #ရေဒါစနစ် #ရုရှား #တင့်ကား #ဒုံးရော့ကတ်
#MPA