ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊အောင်သပြေရွာမှ ထွက်လာသော စစ်တပ်ကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင်-၃၆၀၁ တပ်ရင်း(PPDF)က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၉ ရက်၊ ညနေ ၆ နာရီခွဲဝန်းကျင်တွင် အောင်သပြေရွာထဲ ရောက်နေသော အင်အား ၅၀ ဝန်းကျင်ရှိ စစ်သားများသည် စစ်ကြောင်းထွက်ရန် ဒုတိယအကြိမ်အဖြစ် ရွာပြင်သို့ ထွက်လာစဥ် ကျေးရွာထိပ်၌ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်းဖေဖေါ်ဝါရီ၂၉ရက်၊မွန်းလွဲ ၂နာရီခန့်တွင် ပထမအကြိမ်အဖြစ် ရွာပြင်သို့ထွက်လာစဉ် တိုက် ခိုက်ခဲ့ရာ စစ်သား၃ဦး သေဆုံးကြောင်း သိရသည်။
“၂ ရက်ကို ၃ ကြိမ်တိုက်တာ။စနိုက်ဘာနဲ့လည်းပစ်တယ်။အနီးကပ်ထိတွေ့တိုက်ပွဲရော ဆို ၇ ကောင်သေတယ်။ဒဏ်ရာရရှိသူတွေလည်းများတယ်။သူတို့ဘက်မှာက လက်နက်ကြီးကျည်ကုန်နေတာလားမသိဘူး။လက်နက်ကြီးမသုံးဘူး။ဒီကောင်တွေကို ရွာထိပ်မှာ ပိတ်ပြီးတိုက်တော့ အောင်သပြေရွာထဲကနေ ရွာအနောက်ဘက်တောင်ကြောကို ဆုတ်သွားတာ”ဟု ပြည်ခရိုင်တပ်ရင်း ၃၆၀၁ မှ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား တာဝန်ခံ ကပြောသည်။
ဖေဖော်ဝါရီ ၂၈ ရက်၊ညနေ ၅ နာရီခန့် တွင်လည်း ပြည်ခရိုင် ၃၆၀၁ တပ်ရင်း Sniper တပ်ဖွဲ့က စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့သေးသည်။
“ကျနော်တို့က အောင်သပြေရွာကို အဖွဲ့တွေပေါင်းပြီး ပိတ်ဆို့ထားတာ။ဒီကောင်တွေ ရွာကအထွက်မှာပဲ စောင့်ပြီးပစ်တာ။တိုက်ပွဲက နီးတယ်။သူတို့ဘက် ၄ကောင် ၅ ကောင်သေတယ်။သေတဲ့ခွေးတွေကို ရွာထဲပဲပြန်ဆွဲသွားတာ။အခုချိန်ထိ အောင်သပြေရွာထဲမှာပဲရှိသေးတယ်”ဟု ဒေသခံ PDF ရဲဘော်တစ်ဦးကယနေ့(မတ်လ၁ရက်) နေ့ခင်းပိုင်း၌ပြောသည်။
အဆိုပါတိုက်ခိုက်မှုများကို ပြည်ခရိုင်တပ်ရင်း- ၃၆၀၁ တပ်ခွဲပေါင်းစုစစ်ကြောင်းနှင့်ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ(၃)တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ပြည်ခရိုင်- ၃၆၀၂ တပ်ရင်း၊တပ်ခွဲ(၃)မှ ရဲဘာ် ၁ ဦးကျဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။