မန္တလေးတိုင်း၌ ယခုနှစ် နွေရာသီကာလအစတွင်ပင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ အရင်နှစ် နွေရာသီတုန်းက အခုလောက်မီးမပျက်ဘူး။ အခုက တစ်ရက်ကိုမှ မီးလာချိန်က တစ်နာရီလောက်ပဲရှိတာ၊ လာတဲ့တစ်နာရီကလဲ ပျက်လိုက်၊ လာလိုက်နဲ့ ဘာမှကို လုပ်စားလို့မရဘူး” ဟု မန္တလေးမြို့ အောင်မြေသာစည်နေ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ထိုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်သည့်အတွက် လျှပ်စစ်ဖြင့် အလုပ်လုပ်ကိုင်နေရသည့် စီးပွားရေး လုပ်ငန်းများ အခက်တွေ့နေရပြီး ဆိုလာ၊ ဘတ်ထရီအိုးနှင့် မီးစက်များ စျေးမြင့်တက်လာကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ အခု ၁၀တန်းစာမေးပွဲကနီးလာပြီး၊ မီးကလဲမလာဘူး။ ဖယောင်းတိုင်မီးနဲ့ဆိုလည်း ကလေးက စာမကြည့်တတ်နဲ့ အိမ်မှာချက်ပြုတဲ့အခါမှာလည်း မီးမလာတော့ ဂတ်စ်အားကိုးချက်ရအောင်လည်း ဂတ်စ်စျေးက တက်နေ၊ ရှိရှိသမျှ ကုန်စျေးနှုန်းတွေတက်နေတော့ ဝင်ငွေထွက်ငွေမမျှက ပိုပြီးဖြစ်လာတယ်” ဟု မန္တလေးမြို့၊ လမ်း ၄၀နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်နေမှုအပြင်၊ မန္တလေးစည်ပင်မှ ဖြန့်ဝေသည့် စည်ပင်ရေသည်လည်း အချိန်မှန်မရသဖြင့် ပြည်သူများ အခက်အခဲပိုမိုကြုံတွေ့နေရခြင်းဖြစ်သည်။
“ မီးကမလာ၊ ရေကမရနဲ့ အတော်ဆိုးဆိုးပါ၊ ပြီးခဲ့တဲ့နှစ်တွေထက် ဒီနှစ်ကပိုဆိုးတယ်။ တမင်ကြီးလုပ်နေသလားတောင်ထင်ရတယ်” ဟု မန္တလေးမြို့၊ အောင်ချမ်းသာရပ်ကွက်နေ၊ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။
မန္တလေးမြို့၌ တစ်ရက်လျင် လျှပ်စစ်မီးကို ၂ကြိမ်ပေးမည်ဖြစ်ကာ ၁ကြိမ်လျင် ၄နာရီပေးမည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း လက်ရှိ ၁ရက်တွင် ၁နာရီပြည့်အောင် မီးရရှိခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။