ရန်ကုန်၌နယ်ဝေးမှ လာရောက် အလုပ်လုပ်ကိုင်နေထိုင်သူများသည် စစ်ဖြစ်နေသည့် ဒေသများ၊ သို့မဟုတ် စစ်ငွေ့သန်းနေသော ဒေသများရှိ မိသားစုဝင်များကို ပိုမိုဘေးကင်းသည်ဟု ယူဆကြသည့် ရန်ကုန်မြို့သို့ ခေါ်ထားရန် ကြိုးပမ်းလာကြကြောင်း ၎င်းတို့၏ ပြောကြားချက်ရ သိရသည်။
ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကရင်နီ ၊မွန် စသည့် ဒေသများမှ ရန်ကုန်မြို့ ၌ လာရောက် အလုပ်လုပ်ကိုင်နေသူ အချို့အား MPA က မေးမြန်းခဲ့ရာတွင် အများစုက မွေးရပ်မြေမှ မိသားစု၀င်များအား ရန်ကုန်သို့ ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြသည်။
” အဖေနဲ့ အမေကို ခေါ်နိုင်ဖို့ လုပ်နေတယ်။ ဟိုမှာက စစ်ဖြစ်မယ့် အရိပ်အယောင်တွေ များလာပြီ၊ လက်နက်ကြီးတွေလည်း အိမ်နား ခဏခဏကျတယ်” ဟု မွန်ပြည်နယ်မှ လာရောက် အလုပ်လုပ်ကိုင်သူ တစ်ဦးကပြောသည်။
သို့သော် နေထိုင် စားသောက်ရေး စရိတ် ပိုမိုကြီးမြင့်မှုက ရန်ကုန်၌ မိသားစုလိုက် ပြောင်းရွှေ့ အခြေချ နေထိုင်ရန် အခက်အခဲ တစ်ရပ် ဖြစ်နေကြောင်း သိရသည်။
” ကျတော်တို့ဆီမှာ နန်းကြီးသုတ် တစ်ပွဲတစ်ထောင် အများကြီးရတာ၊ ဒီမှာက မရဘူး။ အမေတို့ လာနေဖို့ကြ ဟိုမှာက သူတို့ အလုပ်တွေရှိတော့ အဆင်ပြေတယ်။ ဒါပေမဲ့ အခြေအနေက ဘယ်အချိန် ဘာဖြစ်မလဲ မသိတော့ ခေါ်ထားလိုက်ချင်တယ်” ဟု ကရင်ပြည်နယ်မှ လာရောက် အလုပ်လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
အချို့ကမူ နယ်ဝေးမှ မိသားစုများပါ ခေါ်ယူ၍ ပြည်ပသို့ ပြောင်းရွှေ့ အခြေချ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်းပြောသည်။
” မဲဆောက်မှာ ပြောင်းနေတော့မယ်။ အကုန်သွားကြမှာပေါ့၊ ဒီမှာက ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး” ဟု ရန်ကုန်မှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့အခြေချ နေထိုင်နေသူတစ်ဦးက ပြောသည်။
ရန်ကုန်၌ နယ်ဝေးမှ လာရောက်နေထိုင်သူများအနက် စစ်ဖြစ်ရာ ဒေသမှ လာရောက်သူများမှာ ဒေသအခြေအနေအရ နေရပ်မပြန်ရဲကြဘဲ ဖြစ်နေပြီး မိသားစု၀င်များအား ဘေးကင်းရာ ခေါ်ယူရန်လည်း အခက်ကြုံနေရသည်ဟု ပြောကြသည်။
” အိမ်မပြန်ဖြစ်ဘူး။ ဒီမှာနေရတာကလည်း ဧည့်စာရင်းတိုင်တာက အစ ၅ မျဥ်းစောင်း( စစ်ကိုင်းတိုင်း မှတ်ပုံတင် ကိုင်ဆောင်သူ) ဆိုတော့ အရစ်ခံရတယ်။ အခု မိသားစုကို ခေါ်ထားရတာထက် တပ်ထဲ မရောက်ဖို့ ပြေးဖို့ ပြင်နေရတယ်” ဟု စစ်ကိုင်းတိုင်းမှ လာရောက် အလုပ်လုပ်ကိုင်သူတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များနှင့် EROs များ ၊ တော်လှန်ရေး တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လာခဲ့ပြီး တစ်နိုင်ငံလုံး၌ စစ်ဘေးရှောင် ၆သန်း၀န်းကျင်ထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း လေ့လာစောင့်ကြည်သူများ ထုတ်ပြန်ပေးထားသည့် အချက်အလက်များ အရ သိရသည်။