ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ရှိ တည်းခိုခန်းများတွင် လာရောက်တည်းခိုနေသည့် ရခိုင်လူမျိုးများကို ဖေဖော်ဝါရီ ၂၂ ရက်၊ ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့်စစ်သားများသည် တည်းခိုခန်းများသို့ ဧည့်စာရင်းစစ်မည်ဟုဆိုကာ ရောက်ရှိလာပြီး ခရီးသွားရန်တည်းခိုနေသည့် ရခိုင်လူမျိုးအယောက် ၂၀ ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း Pyay Underground News -PUGN တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရခိုင်ကလာတဲ့သူမှန်သမျှကိုဖမ်းခိုင်းထားတယ်လို့ပြောတယ်၊ AA နဲ့ဆက်စပ်တယ်ဆိုတဲ့အထင်နဲ့ဖမ်းတာတဲ့၊ အခုထိတော့ပြန်မလွှတ်ပေးသေးဘူး။ သူတို့က ရခိုင်ကိုပြန်ဖို့ ရန်ကုန်ကနေ ပြည်ကိုရောက်လာတာ၊ ပြည်ကမှတစ်ဆင့်ကားစီးပြီးဆက်သွားမှာ”ဟု ၎င်းကရှင်းပြသည်။
ရခိုင်လူမျိုးများဖမ်းဆီးခံခဲ့ရသည်မှာ မှန်ကန်ကြောင်း၊ တော်လှန်ရေးအဖွဲ့စည်းများနှင့် AA အဖွဲ့ချိတ်ဆက်မိမည်ကို စိုးရိမ်သောကြောင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၂ စခန်းမှူး(ရုံးအုပ်တာဝန်ခံ) ကိုယု သုံးသပ်ပြောသည်။
“တည်းခိုခန်း၊ ဟော်တယ်၊ မိုတယ်တွေမှာ ရခိုင်လူမျိုးတွေကို ဖမ်းဆီးမှုတွေရှိနေတယ်ဆိုတာ ကြားသိရပါတယ်၊ ဒါကလည်း စကစက ဧရာဝတီမြစ်အနောက်ဖက်ကမ်းတလျောက်မှာ ကျွန်တော်တို့ PDF အဖွဲ့နဲ့ (AA)အဖွဲ့ ပူးပေါင်းမဟာမိတ် ချိတ်ဆက်မှုမရရှိစေရေးအတွက် မြို့နယ်၊ ခရိုင်ထဲက ရခိုင်လူမျိုးတွေကို ထင်ရာစိုင်းဖမ်းဆီးနေတာပါ”ဟု ၎င်းကမှတ်ချက်ပြုပြောသည်။
ပြည်သူများ သွေးမအေးစေရန်အတွက် ၃၆၀၂ တပ်ရင်းက မြို့ပြမြေအောက်ရဲဘော်များသည် ပြည်မြို့ မှုခင်းရဲတပ်ဖွဲ့အိမ်ယာအား ဗုံး ၈ လုံးဖောက်ခွဲ့မှုပြုလုပ်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရသွားကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
“ကျွန်တော်တို့ ပြည်ခရိုင်တပ်ရင်း (P2-3602) အနေနဲ့ တောတွင်း၊ မြို့တွင်းနေရာစုံကို စိုးမိုးနယ်မြေ အပိုင်နယ်မြေများရရှိနိုင်အောင်ဆောင်ရွက်သွားမှာပါ၊ တော်လှန်ရေးအင်အားစုတွေစုစည်းပြီး စစ်ဆင်ရေးတွေဖော်ဆောင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာပါ၊ ပြည်သူတွေလည်းသွေးမအေးဘဲ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပံ့ပိုးကူညီသွားကြပါ”ဟု ကိုယုကတိုက်တွန်းပြောဆိုထားသည်။
ယခု ဖမ်းဆီးခံထားရသူ ရခိုင်လူမျိုးများတွင် လူလတ်ပိုင်းအမျိုးသားအများစုပါဝင်ပြီး ပြည်မြို့အမှတ် ၁ ရဲစခန်းတွင် စစ်ဆေးနေကြောင်းသိရသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် စစ်ရေးအလွန်ရှုံးနိမ်နေပြီး ရခိုင်ပြည်နယ်သို့ ကားများ၊ လေယဥ်များဖြင့်သွားလာနေကြသည့် ခရီးသွားပြည်သူများကို ဖမ်းဆီးစစ်ဆေးနေမှုများဆက်တိုက်ဆိုသလိုလုပ်ဆောင်နေကြောင်းသိရသည်။