မကွေးတိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနကစစ်ဆေးသည့် နဝမတန်း၊ အင်္ဂလိပ်စာမေးခွန်း ပေါက်ကြားမှုကြောင့် အင်္ဂလိပ်စာ စာမေးပွဲဖြေဆိုမှုကို ရွှေ့ဆိုင်းခဲ့ကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။
မေးခွန်းပေါက်ကြားမှုသည် ဖေဖော်ဝါရီ ၂၂ ရက်ကဖြေဆိုသည့် မြန်မာစာမေးခွန်းမှစတင်ပေါက်ကြားခဲ့ခြင်းဖြစ်သော်လည်း အင်္ဂလိပ်စာမေးခွန်းလွှာသည် အွန်လိုင်းစာမျက်နှာပေါ်သို့ ပျံ့နှံ့လာခြင်းကြောင့် စာမေးပွဲဖြေဆိုမှုကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“မြန်မာစာမေးခွန်းလည်းပေါက်တယ်၊ သိပ်တော့မပျံ့ဘူး။ အင်္ဂလိပ်စာမေးခွန်းက အွန်လိုင်းပေါ်မှာပျံ့သွားတော့ နာမည်ပိုကြီးသွားတာ၊ ဘယ်က စပေါက်လည်းတော့မသိဘူး။ သူတို့(ပညာရေးဝန်ကြီးဌာန)သေချာချိတ်ပိတ်ထားတဲ့ဟာ သူတို့ထဲက တစ်ယောက်ယောက်ဆီက ရလို့ပေါက်သွားတာဖြစ်မယ်”ဟု ၎င်းက သုံးသပ်သည်။
ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ဆရာမတစ်ဦးက“ကျန်တဲ့အတန်းတွေက ဖြေပြီးပြီ ၅ တန်းနဲ့ ၉ တန်းက အခုအစိုးရစစ်ဖြေနေတာ၊ ၁၂ တန်းကတော့နောက်ဆုံးမှပေါ့၊ မနက်ဖြန်တော့ သင်္ချာဖြေမယ်၊ အင်္ဂလိပ်စာကတော့ နောက်ဆုံး ၂၉ ရက်နေ့မှပြန်ဖြေရမှာ”ဟု ဆိုသည်။
ထိုသို့ မေးခွန်းလွှာပေါက်ကြားမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စစ်ဆေးမှုများလုပ်ဆောင်နေပြီး စစ်တပ်အရာရှိသားသမီးများထံက ပေါက်ကြားခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေကြောင်း မကွေးမြို့ရှိနိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့(အာဏာသိမ်းစစ်ကောင်စီ)တိုင်းအစိုး ကခေါ်စစ်နေတယ်တဲ့၊ အစ်မတို့သတင်းကြားတာတော့ စစ်တပ်အသိုင်းအဝိုင်းက ကလေးတွေကို မေးခွန်းပို့ပေးတာကနေစပြီး ပေါက်ကြားလာတာတဲ့၊ အစ်မတို့လည်းအဲဒီလိုပဲထင်တယ်၊ ရှေ့ဆက်ဘယ်လိုအရေးယူသွားမလည်းတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။
မကွေးတိုင်းအတွင်းရှိ နယ်မြေအများစုတွင် စစ်ရေးမငြိမ်သက်မှုများဖြစ်ပေါ်နေခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားခွင့်များဆုံးရှုံးနေပြီး ယခုစာမေးပွဲဖြေကြားနေသည့်ရက်တွင်လည်း စစ်ကောင်စီလေယာဉ်များ မကြာခဏပျံသန်းနေသောကြောင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။



