စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အရပ်သားပြည်သူတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အမျိုးသမီး ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ရိုးမဘဏ်ရှေ့တွင် ဖြတ်သန်းသွားလာနေသည့် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက် ၉ နာရီအချိန်တွင် စစ်တပ်ကအကြောင်းမဲ့ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့ပြီး ညပိုင်းတွင် မွန်းလိုင်ရပ်ကွက်အတွင်းသို့ စစ်ကောင်စီ၏လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသမီး ၂ ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့ခံ အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ တာဟန်းရပ်ကွက်၊ ရိုးမဘဏ်နားမှာဖြတ်သွားနေတုန်း အသက် ၄၇ နှစ်အရွယ် ကိုထွမ်ခမ်းမှုန် အကြောင်းမဲ့ပစ်သတ်ခံလိုက်ရတာဗျ။ နောက်ပြီး ညကပဲ ကလေးမြို့အနောက်ပိုင်းမှာရှိတဲ့ မွန်းလိုင်ရပ်ကွက်ထဲကို လက်နက်ကြီးကျပြီး အသက် ၄၈ နှစ်အရွယ်ဒေါ်ကျိန်ခေါဘုံနဲ့ အသက် ၂၉ နှစ်အရွယ် ဒေါ်ကျိန်ခေါကင်တို့ ညတွင်းချင်းပဲ အသက်ဆုံးရှုံးခဲ့ရတယ်” ဟု ၎င်းကရှင်းပြသည်။
ကလေးမြို့ပတ်ပတ်လည်ကို စစ်ကောင်စီက ကာကင်းယူထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ဖေဖော်ဝါရီ ၂၁ ကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီ၏ မြို့တွင်းအထိုင်စခန်းများမှ လက်နက်ကြီးပစ်ကူ အဆက်မပြတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် ကလေးမြို့စွန်ရပ်ကွက်နေ ပြည်သူအချို့မှာ စစ်ကောင်စီ၏လက်နက်ကြီးကျရောက်နိုင်မှုမရှိသည့် မြို့ပေါ်ရပ်ကွက်များသို့ ပြောင်းရွှေ့နေထိုင်ကြသော်လည်း အချို့မှာပြောင်းရွှေ့နိုင်မှုမရှိဘဲ ပိတ်မိနေကြောင်း ကလေးမြို့ဒေသခံအမျိုးသမီးတစ်ဦးက MPA ကို ပြောသည်။
“ မြို့ကတော့ ခြောက်ကပ်သွားတဲ့အနေအထားပါ။ ဘယ်သူမှ အပြင်သိပ်မထွက်ကြတော့ဘူး။ ရပ်ကွက်ထဲတင်လောက်ပဲ ထွက်ကြတော့တာ။ ဘေးလွတ်ရာထွက်ဖို့တော့ မြို့ကလုံးဝပိတ်သွားတဲ့အနေအထားရှင့်။ မြို့စွန်ရပ်ကွက်က တချို့လောက်ပဲလက်နက်ကြီးကြောင့် မြို့ပေါ်ကိုပြောင်းလာကြတာ။ ဒါလည်းဆွေမျိုးတွေရှိတဲ့လူလောက်ပါ။ တချို့ကတော့ ဒီအတိုင်းအိမ်ထဲမှာပဲ နေနေကြရတာ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့တွင် မွန်းလိုင်ရပ်ကွက်အတွင်း အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး မွန်းလိုင်ရပ်ကွက်၊ ကလေးမြို့မြောက်ပိုင်း ပြည်တော်သာရွာ၊ လက်ပံချောင်းရွာနှင့် မြောက်ချောတောရွာတို့က ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။