KIA ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ဘက်မှ စစ်အင်အားတိုးချဲ့မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဝိုင်းမော်မြို့ ခလရ (၅၈)တပ်ရင်းသို့ KIAက ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်ပြီးနောက် ဝိုင်းမော်မြို့၊ မြစ်ကြီးနားမြို့ အပါအဝင် ကချင်ပြည်နယ်အတွင်း မြို့များသို့ စစ်အင်အားအများအပြား ဝင်ရောက်လာကြောင်း သိရသည်။
“ ဒီနယ်မြေခံတပ်တွေမဟုတ်ဘဲ တခြားက စစ်ကားတွေ တဖြည်းဖြည်းဝင်လာနေတာ ၄ရက်လောက်ရှိပြီ။ ဝိုင်းမော်တပ်နားမှာရော ဒီပတ်ပတ်လည်တွေမှာရော။ မြစ်ကြီးနားဘက်မှာလည်း ထပ်ရောက်နေတယ်လို့ ကျွန်တော့်အသိတွေဆီကသိရတယ်။ ” ဟု ဝိုင်းမော်မြို့ဒေသခံတဦးက MPAသို့ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှ သြဂုတ်လပထမပတ်အထိ တပတ်အတွင်း KIAမှ စစ်ကောင်စီတပ် ခလရ(၅၈)သို့ တိုက်ခိုက်မှု (၄)ကြိမ်ပြုလုပ် ခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ လက်နက်ကြီး၊ စစ်ရဟတ်ယာဥ်တို့ဖြင့်ပစ်ကူပေး ပစ်ခတ်ခဲ့ရကာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး၆လပြည့် သြဂုတ်လ ၁ ရက်နေ့က စစ်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကော်မတီက လိုင်ဇာမြို့ KIAဌာနချုပ်ဗဟိုသို့ အပစ်ရပ်သဝဏ်လွှာ ပေးပို့ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ယမန်နေ့(သြဂုတ် ၁၀ ရက်) ကချင်အာဇာနည်နေ့ KIOဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏မိန့်ခွန်းတွင်လည်း ” ဗမာလူမျိုးကြီးဝါဒ စစ်အာဏာရှင်စနစ်ကျင့်သုံးနေသည့် မြန်မာစစ်တပ်အား အမြစ်ပြတ်ချေ မှုန်းသွားဖို့ ဆုံးဖြတ်ထားပြီးပြီ” ဟု ထည့်သွင်းပြောကြားသွားခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ကချင်လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့ နှစ်၂၀နီးပါးအကြာအပစ်ရပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်အတွင်းက တိုက်ပွဲများ အပြင်းထန်ဆုံး ပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။