ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်းအနီး (အမျိုးသားအားကစားကွင်း(ခေါ်) နောင်ရာပါကွင်းပြင်တွင်) စုဖွဲ့ထိုင်နေကြသည့် လူငယ်အမျိုးသားများကို အရပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)၊ ညနေ ၄ နာရီခန့်တွင် အဖြူရောင် Pajero ကားဖြင့် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ လူငယ်တွေက အုပ်စုဖွဲ့ပြီး ထိုင်နေကြတာ၊ တချို့က ထွက်ပြေးလို့ လွတ်သွားကြတယ်။ လာဖမ်းသူအရေအတွက်တော့ မရေနိုင်ခဲ့ဘူး။ အရပ်ဝတ်တွေနဲ့ဆိုတော့၊ လေးဦးကို လက်ထိပ်ခတ်တာတော့ မြင်ခဲ့တယ်။ ကျန်တဲ့ ဘေးက အုပ်စုဝိုင်းတွေကိုလည်း ခေါ်တယ်ကြားပေမယ့် ဘယ်နှစ်ယောက်ပါသွားလဲတော့ မသိဘူး။ မနောကွင်းဘက်မှာလည်း ဖမ်းတယ်” ဟု မျက်မြင်တွေ့ကြုံခဲ့သူ စီတာပူရပ်ကွက်မှ အမျိုးသမီးတစ်ဦး က MPA သို့ ပြောသည်။
“ မိန်းကလေးတွေရော၊ ယောင်္ကျားလေးတွေရောပဲ၊ ဝရုန်းသုန်း ကားနဲ့ ပြေးကြတာ၊ ဆိုင်ကယ်တွေ၊ ဖုန်းတွေ ကျန်ခဲ့ကြတယ်။ ညပိုင်းမဟုတ်ဘဲ နေ့ခင်းကြောင်တောင်ကို ဝင်ဆွဲတာ၊ ဘယ်ခေါ်သွားလဲတော့ မသိဘူးဗျ” ဟု တွေ့ကြုံခဲ့ရသူ မြို့သစ်ကြီးရပ်ကွက်မှ အသက် ၂၆နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ မြစ်ကြီးနားမြို့အတွင်း လူငယ်များကို စစ်ကောင်စီက ဖမ်းဆီးခြင်းသည် မည်သည့်အကြောင်းအရင်းကြေင့်ဖြစ်သည်ကို သိရှိရခြင်းမရှိသေးဘဲ၊ ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးခံရသည့် လူငယ်အရေအတွက် MPA က ဆက်လက်စုံစမ်းလျက်ရှိသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၀ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းပြီးနောက်၊ ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များတွင် လူငယ်အချို့ မကြာခဏဖမ်းဆီးခံနေရသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။
“ အိမ်မှာက အသက်ပြည့်ပြီးသားကလေးတွေကလည်း ရှိနေတော့ နေ့တိုင်းကို စိတ်ပူနေရတယ်။ ဘယ်နားဖွက်ထားရမလဲဘဲ တွေးနေရတယ်။ သူတို့စစ်တပ်မှာ အင်အားမရှိတော့တာနဲ့ ပြည်သူကို ချကျွေးတယ်” ဟု အေးမြသာယာရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမရှိ အိမ်တန်းလျားတစ်ခုတွင် ငှားရမ်းနေထိုင်နေကြသည့် လူငယ်သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။



