မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရိက္ခာပို့စစ်ကြောင်းကို ၉ရက်တာ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး အထိအခိုက်လည်းများကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၇ရက်မှစ၍ မြိုင်မြို့ပေါ်မှ ကန်နီပျူစောထီးရွာသို့ ရိက္ခာပို့ရန် ထွက်လာသော အင်အား ၂၇၀ ဝန်းကျင်ရှိ စစ်ကြောင်းကို ဒေသခံ PDF တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖ ထံက သိရသည်။
၉ ရက်တာအတွင်း ဒေသခံ PDF တပ်ဖွဲ့တို့က ၈ကြိမ် အထိ မြေပြင်ထိတွေ့တိုက်ပွဲ ဆင်နွှဲခဲ့သလို နေ့စဉ်ဆိုသလို ဒရုန်းဖြင့် လိုက်လံ တိုက်ခိုက်ခဲ့သောကြောင့် ရိက္ခာ ပို့ရန် အစီအစဉ် လည်း မအောင် မြင်သေးခြင်း ဖြစ်သည်။
“ မြေပြင်မှာ ဒီ ၉ ရက်အတွင်း ၈ ကြိမ်ထိ ဖြစ်ခဲ့ပါတယ်။ ဒရုန်းက မနားဘူး။ ဆက်တိုက် လိုက် ချတာပဲ၊ အလုံးရေ ရာဂဏန်း ရှိပါတယ်။ တိုက်ပွဲ တလျှောက် ရန်သူ ဘက် အထိ အခိုက်များတယ်။ ကိုယ့်ဘက်ကတော့ ရဲဘော် ၂ ယောက် သိပ် မစိုးရိမ် ရတဲ့ ဒဏ်ရာ လေးတွေ ပဲ ရခဲ့တယ် ” ဟု မြိုင်ပကဖ တာဝန်ခံ ဗိုလ်လကျာ်က ပြောသည်။
မြိုင်မြို့ပေါ်မှ ကန်နီပျူစောထီးရွာသို့ လမ်းလျှောက် လျှင်ပင် နာရီဝက်ခန့်သာ ကြာသော်လည်း ရိက္ခာ ပို့စစ်ကြောင်းမှာ PDF တို့၏ တိုက်ခိုက်မှုကြောင့် ယနေ့(ဖေဖေါ်ဝါရီ၁၅ရက်)အချိန်ထိ ကန်နီရွာသို့ မရောက်သေးပေ။
” ခု စစ်ကြောင်းက မြိုင် အရှေ့ဘက်က သံမြေကျင်း ရွာမှာ ပြန်ရောက်နေတယ်။ ကန်နီကလည်း ရိက္ခာ ပြတ်နေတော့ ရအောင်တော့ ပို့မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကြောင်း၌ ရိက္ခာ တင်ဆောင်ရန် ကား ၅ စီး ပါလာပြီး စစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင် ရိက္ခာများလည်း လုယက် သယ်ဆောင်သွားကြောင်း သိရသည်။
ရိက္ခာပို့ ယာဉ် ၅ စီးထဲမှ တစ်စီးမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က မီးရှို့ ဖျက်ဆီးခံရပြီး နောက် တစ်စီးမှာလည်း မိုင်းမိ၍ မောင်း မရတော့ကြောင်း သိရသည်။
” ခု ၉ ရက် အတွင်းမှာ ရဲဘော်တွေလည်း မနားတမ်း ကြိုးစား တိုက်ခိုက်ကြတယ် ။တိုက်ပွဲ အပြင်းထန်ဆုံးနဲ့ ရန်သူဘက် ထိခိုက်မှု အများဆုံး ရက်တွေကတော့ ဖေဖော်ဝါရီ ၈ရက်၊၉ရက်၊၁၀ ရက်နဲ့ ၁၁ ရက် တွေပဲ ” ဟု ၎င်း ကပြောသည်။
ရိက္ခာပို့ စစ်ကြောင်း ထွက်ခွာလာမှုကြောင့် မြိုင်မြို့နှင့် ကန်နီ ပျူရွာ ကြားရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် မှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်သည်။
” စစ်ရှောင်ရက် တော်တော်လေး ကြာပြီ။ဒါ့အပြင် အရင်လကတင် စစ်ကြောင်းက တစ်ခါ ထိုးထားတော့ ဒီ ၂၀၂၄ ခုနှစ် ထဲတင် ၂ ခါ ရှိပြီ စစ်ရှောင်ရတာ။ ရိက္ခာ ပိုင်းမှာတော့ နယ်မြေခံ ပကဖ တွေ၊ တခြားထောက်ပံ့ ကြတဲ့ ရပ်ရွာတွေက ကူညီကြနဲ့ လုံးလုံး ပြတ်လပ်တာမျိုးတော့ မရှိသေးပါဘူး ” ဟု စစ်ဘေးရှောင် ပြည်သူ တစ်ဦးက MPA သို့ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ လ အတွင်းကလည်း မြိုင်မြို့မှ ကန်နီ ပျူစောထီး ရွာသို့ ရိက္ခာ ပို့ရန် ၇ ရက်ကြာ ကြိုးစားခဲ့သော်လည်း PDF တို့၏ တိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး ယခုအခါ ဒုတိယ အကြိမ်မြောက် ရိက္ခာ ပို့နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။


