ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အဖြစ်သတ်မှတ်ထားသော မြို့နယ်များမှ ဆိပ်ကြီးခနောင်တိုမြို့နှင့် ဒလမြို့နယ်မှ အပ ကျန် ၃၁ မြို့နယ်တွင် လူ( ၅ )ဦးထပ် ပိုမိုစုဝေးခွင့်မပြုကြောင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဌာနမှ သြဂုတ်လ ၈ ရက်နေ့က ဒေသန္တရအမိန့် ထပ်ဆင့်ထုတ်ပြန်လိုက်သည်။
အဆိုပါမြို့နယ်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပေါင်းစုံနှင့် ဆန္ဒပြနေသည့်မြို့နယ်များဖြစ်ပြီး ယင်းမြို့နယ်များ၏ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၊ အများသွားရာလမ်းများ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်များတွင် လူ( ၅) ဦးထက် ပိုမိုစုဝေးခွင့်မပြုကြောင်းသိရသည်။
“ ဒီထုတ်ပြန်တဲ့အပိုင်းက ထွေအုပ်ဌာနက ထုတ်ပြန်တာ။ လိုက်နာဆောင်ရွက်ဖို့က ပြည်သူတွေအလုပ်။ ဆန္ဒပြတာတွေကိုရည်ရွယ်တာလား ဆိုတာကတော့ ခများတို့မှတ်ယူတဲ့သူတွေအပေါ်မှာပဲမူတည်တယ်။ ကိုဗစ်စည်းကမ်းတွေ မှာလည်း ပါပြီးသား လူစုလူဝေးမလုပ်ရဘူးဆိုတာ။” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးတဦးက MPAသို့ပြောသည်။
ရန်ကုန်တိုင်းအတွင်း COVIDကူးစက်မှုနှင့် သေဆုံးမှုနှုန်းမြင့်တက်နေ၍ ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်များအား Stay at Home သတ်မှတ်ထားပြီး ယခုထုတ်ပြန်ချက်သည် အများပြည်သူလုံခြုံရေးအတွက် ထပ်ဆင့်ထုတ်ပြန် ခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီထုတ်ပြန်ချက်ကတော့ ကိုဗစ်လည်းပါဝင်သလို ကိုဗစ်နဲ့ပတ်သက်တဲ့စည်းကမ်းကတော့ Social Distancing တွေရှိမယ်။ အဓိက လူ (၅) ဦးထက်ပိုမစုရ ဆိုတာက လုံခြုံရေးအတွက်ပေါ့။” ဟု ရန်ကုန်တိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး တဦးကဆိုသည်။
တားမြစ်ထားသည့်မြို့နယ်များအတွင်း လူ( ၅ ) ဦး ထက်ပိုမိုစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုလုပ်ခြင်း၊ ဟောပြောခြင်းများပြုလုပ်ပါက ပုဒ်မ (၁၄၄) အရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုတွင် ဗုံးပေါက်ကွဲမှုများဆက်တိုက် ဖြစ်ပေါ်လျက်ရှိရာ လုံခြုံရေးတင်းကျပ်ထားပြီး ပြီးခဲ့သည့် မတ်လမှ စတင်၍ ည ၈ နာရီ မှ မနက် ၄နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့ရာ မေလတွင် ည ၁၀ နာရီသို့ ပြန်လည်တိုးမြှင့်ပေးခဲ့ကြောင်းသိရသည်။