စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ မရကန်ကျေးရွာတွင် သြဂုတ်လ၉ရက်နေ့၌ စစ်တပ်က ရွာထဲရှိစတိုးဆိုင်တစ်ဆိုင်မှအစားအသောက်များကို စားသောက်ပြီးနောက်အဆိုပါစတိုးဆိုင်ရှိပစ္စည်းများကိုမီးရှို့သွားခဲ့ကြောင်းသိရသည်။
“ရွာထဲကဆိုင်မှာရှိတဲ့ ပစ္စည်းတွေမုန့်တွေယူစားတယ်။ပြီးတော့ အဲ့ဆိုင်က ပစ္စည်းတွေကို အပြင်ထုတ်ပြီးမီးရှို့သွားခဲ့တာ” မရကန်ရွာမှ ဒေသခံတစ်ဦးက MPAသို့ပြောသည်။
စစ်အင်အား၅၅ဦးခန့်ပါဝင်တဲ့စစ်ကြောင်းတစ်ခုသည်နံနက်၈နာရီခန့်တွင် မရကန်ရွာအတွင်းသို့ ချီတက်လာသည့်အတွက်ရွာရှိလူငယ်အများအပြားဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရသည်။
ရွာ၏မြောက်ဘက်ခြမ်းတွင်ရှိသောကုန်စုံဆိုင်မှ အစားအစာများကိုယူဆောင်သွားခဲ့ပြီး အဆိုပါဆိုင်ရှိ ပစ္စည်းများရေခဲသေတ္တာများ၊အဲကွန်းများ၊နှင့်ဆိုင်ထဲရှိပစ္စည်းများအားလုံးကိုဆိုင်ရှေ့တွင် စုပုံပြီးမီးရှို့ခဲ့ကြခြင်းဖြစ်သည်။
စစ်တပ်ကသြဂုတ်လ၇ရက်နေ့မှစပြီး ကျေးရွာအချို့တွင် မွှေနှောက်ရှာဖွေမှုများပြုလုပ်နေပြီး မည်သည့်အကြောင်းနှင့်ရှာဖွေသည်ကိုမူသိရှိရခြင်းမရှိသေးချေ။
မနေ့ကသြဂုတ်၉ရက်တစ်ရက်တည်းတွင် နများကျေးရွာ နှင့် မူးရိုးကုန်းကျေးရွာ အကြားရှိ ပြည်သူပိုင်ဆိတ်အုပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့်ဆိတ်အကောင်၃၀သေဆုံးခဲ့ရသည်။
“ဘာလို့ဒီပဲယင်းနယ်ဘက်ကို ဖိနေရတာလဲဆိုတော့ သူတို့ ဒလန်သတင်းပေးတွေကြောင့်ဖြစ်နိုင်တယ်ဗျ။PDFတွေရှိလို့ဆိုတဲ့ သံသယကြောင့်လည်းဖြစ်နိုင်ပါတယ်။”ဟု၎င်းကဆိုသည်။
လက်ရှိအချိန်တွင်စစ်တပ်သည်ဒီပဲယင်းနယ်တစ်ကြောရှိရွာများတွင်တပ်စွဲထားခြင်းနှင့်ရှာဖွေခြင်းများကိုအင်အားအလုံးအရင်းဖြင့်ပြုလုပ်လျက်ရှိနေသည်ကိုတွေ့ရသည်။
ပြီးခဲ့သည့်ဇူလိုင်က ဒီပဲယင်းမြို့နယ်ထဲရှိရွာများဖြစ်သည့် ကြည်ရွာ ဆပ်ပြာကျင်းရွာနှင့် ဘုတ်ရွာတို့တွင်စစ်တပ်နှင့်ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်၏ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူနှင့်ပြည်သူ့ကာကွယ်ရေးတပ်မှ ၄၀ဦးခန့်သေဆုံးခဲ့ရသည်။
စစ်ကြောင်းများသည်လက်နက်အပြည့်စုံဖြင့်ချီတက်လာခြင်းကြောင့်ရွာသားများ သည်ဘေးလွတ်ရာများသို့ထွက်ပြေးနေရသည်။သြဂုတ်လ၁၀ရက်နံနက်ပိုင်းအထိရရှိသော သတင်းအချက်အလက်များအရ ဒီပဲယင်းနယ်တစ်ကြောတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးဘဲ စစ်တပ်မှရွာသားအချို့ကိုဖမ်းဆီးနေခြင်းသာရှိနေကြောင်းသိရသည်။