ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီနှင့် ပြည့်သူ့စစ်တို့ပူးပေါင်းပြီး တရုတ်နှစ်သစ်ကူးကို အကြောင်းပြ ကာ၊ လောင်းကစား၀ိုင်းများဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ လောင်းကစားဝိုင်းများသည် လားရှိုးမြို့ရှိ ၅ရပ်ကွက်ရှိ ရေကန်တောင်နှင့် ဟူးမွန်ရွာ၊ ၇ရပ်ကွက် ဟိုမူဆယ်လမ်း၊ ၈ရပ်ကွက်၊ ၁၀ရပ်ကွက် နယ်မြေ(၉)၊ ၁၂ ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
အဆိုပါ လောင်းကစား၀ိုင်းများသည် ယမန်နှစ်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလမှ စတင်ကာဖွင့်လှစ်ခဲ့သော်လည်း၊ ယခုနှစ် တရုတ်နှစ်သစ်ကူးကာလ၌ ပိုမိုများပြားလားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“အခုက ပေါ်တင်ပဲလောင်းကစား၀ိုင်းဖွင့်နေတာ၊ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဆီ တစ်ဆိုင်ကို ၆ သိန်းပေးရတယ်။ အဲ့ဒီ ၆သိန်းက တစ်ရက်စာနော်၊ နေရတာတောင် စိတ်ပျက်လိုက်တာဗျာ”ဟု လားရိူးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ လားရှိုးမြို့အတွင်း လောင်းကစား၀ိုင်း စုစုပေါင်း ၁၅၀နီးပါးရှိနေပြီး၊ ဖွင့်လှစ်ထားသည့် လောင်းကစား၀ိုင်းများ သည် ခြောက်ကောင်ဂျင်၊ ဂလုန်းဂလုန်း၊ ပါးပစ်ဂိမ်းစသည့်အပြင် လောင်းကစားနည်း မျိုးစုံရှိကြောင်းလည်း သိရသည်။
“ဖွင့်တဲ့သူက စစ်ကောင်စီနဲ့ ပြည်သူ့စစ် ဆက်နွယ်ပတ်သက်မှုရှိတဲ့သူတွေပဲလေ၊ ဘယ်သူကတားလို့ရမှာလဲ၊ ဘယ်သူကဖမ်းမှာလဲ။ လောင်းကစားရဲ့ နောက်ဆက်တွဲက ကလေးတွေပျက်စီးသွားတယ်။ သူခိုး၊ ဓားပြများလာတယ်”ဟု လားရှိုးမြို့၊ ၅ ရပ်ကွက်၌ နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ လောင်းကစားဝိုင်းများကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က လုံခြု့ရေးယူပေးနေခြင်းဖြစ်သည်။
“နှစ်တိုင်းလိုလိုတော့ တရုတ်နှစ်သစ်ကူးမှာ ဖွင့်လေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်မှာ တရုတ်နှစ်သစ်ကူးတာပြီးသွားတယ်။ လောင်းကစားဝိုင်းက ဒီနေ့ထိ ဆက်ဖွင့်ထားတုန်းပဲ”ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လားရှိုးမြို့တွင် လောင်းကစား၀ိုင်းများပေါများလာပြီးနောက် ခိုးမှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။