ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မီးသတ်ယူနီဖောင်းကြေးဟုဆိုကာ ယမန်နေ့(ဖေဖော်ဝါရီ ၈ရက်)မှ စတင်ပြီး တစ်အိမ်လျှင် ကျပ်တစ်သောင်းကောက်ခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ မနှစ်ကလည်းလာကောက်တယ်။ မီးသတ်ယူနီဖောင်းကြေးဆိုပြီး ၅၀၀၀ ပေးရတာ၊ အခုလည်း ၁၀၀၀ တဲ့ မဖြစ်မနေပေးရမဲ့ပုံမျိုးနဲ့ကိုတောင်းတာ၊ ပိုက်ဆံမပေးမခှင်း အိမ်ရှေ့ကနေကို မသွားတော့တာ “ ဟု ရွှေပြည်သာမြို့နယ်၊ ၁ ရပ်ကွက်နေ အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ထိုကဲ့သို့ မီးသတ်ယူနီဖောင်းကြေး ကောက်ခံသူများသည် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး တစ်ယောက်လျှင် တစ်နှစ်စာ ယူနီဖောင်း ၃စုံဖြစ်သည့်အတွက် တစ်အိမ် ကျပ် တစ်သောင်းကောက်ခံရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ ကျမတို့လို နေ့စားသမားတွေက ၁၀၀၀၀ မပေးနိုင်ဘူးလေ၊ ပိုက်ဆံ မရှိဘူးပြောတော့ အဲ့ဒါဆိုယူနီဖောင်းကြေးမပေးနဲ့ မီးသတိပေးစာရွက်ကပ်ပေးမယ်၊ ပြက္ခဒိန်ပေးမယ် ၅၀၀၀ တော့ပေးပြောတာ” ဟု ရွှေပြည်သာမြို့နယ်၊ အုတ်ဖိုရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုကဲ့သို့ အကြောင်းအမျိုးမျိုးပြကာ အလှူငွေကောက်ခံနေခြင်းသည် အခြေခံလူတန်းစားများအတွက် အခက်အခဲဖြစ်ပေါ်စေသောကြောင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် ပြည်သူများကို စာနာပေးရန် ၎င်းက ဆိုသည်။
“ မီးသတ်ဝန်ထမ်းနဲ့ ရာအိမ်မှူးတွေက မနက်ပိုင်း တစ်အိမ်ဝင် တစ်အိမ်ထွက် အလှူငွေကောက်တယ်။ ညနေပိုင်းမှာ ဝေစုခွဲပြီးတော့ သောက်စားနေတာ” ဟု ရွှေပြည်သာမြို့နယ်၊ ၁ရပ်ကွက်နေ မျက်မြင်တွေ့ရှိခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ မီးသတ်ယူနီဖောင်းကြေး ကောက်ခံမှုနှင့် ပတ်သက်ပြီး ရွှေပြည်သာမြို့နယ်၊ မီးသတ်ဦးစီးဌာနသို့ MPAက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် အချိန်မရှိဟုသာ ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း ရွှေပြည်သာမြိုန့ယ်အတွင်း ရပ်ကွက်မီးကင်းတဲဆောက်လုပ်ရန်ဟု ဆိုကာ အလှူငွေများကောက်ခံခဲ့သည့်အပြင် မီးကင်းမစောင့်နိုင်သည့် အိမ်များအနေဖြင့် လစဉ် ကျပ်ငွေ ၃၀၀၀ အထက်ထည့်ရန် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တောင်းခံခဲ့သေးသည်။