ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ဓာတ်ဆီ တစ်လီတာ ကျပ်တစ်သောင်းပေးဝယ်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နှစ် မှစတင်ကာ ကွတ်ခိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ပြည်ထောင်စုလမ်းမကြီးရှိ တံများပျက်စီးကာ ဓာတ်ဆီဝင်ရောက်မှုနည်းပါးနေခြင်းကြောင့် စက်သုံးဆီ ပြတ်လပ်ပြီး စျေးနှုန်းကြီးမြင့်နေခြင်းဖြစ်သည်။
“လမ်းတွေမဖွင့်သေးတော့ ဓာတ်ဆီလည်း အဆမတန်ကိုတက်နေတာ၊ ကားအသေးတစ်စီးကို ၁၀ပိဿာ ဆန့် ပုံးနှစ်ပုံး ဝယ်လို့ရတယ်။ ဒါပေမယ့် အချို့ ဓာတ်ဆီဆိုင်တွေမှာက ဆီတောင်မရှိတော့ဘူး”ဟု ကွတ်ခိုင်မြို့ခံ အမျိုသမီးတစ်ဦးက ပြောသည်။
စက်သုံးဆီ ရရှိရန်အတွက် နမ္မတူဘက်မှ သယ်ဆောင်နေရသည့်အတွက် လမ်းခရီးကြောင့် စက်သုံးဆီစျေး ၃ဆနီးပါးမြင့်တက်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ စက်သုံးဆီစျေးမြင့်တက်မှုအပြင် စက်သုံးဆီ ပြတ်လပ်နေမှုကြောင့် ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်း နှင့် သွားလာရေးအတွက် အခက်အခဲများစွာဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
“အဝေးကြီးသွားစရာမလိုဘူးဆိုရင် ဆိုင်ကယ်မစီးတော့ဘူး။ ခြေလျင်နဲ့ ပဲလျှောက်တယ်။ တစ်ရွာနဲ့ တစ်ရွာသွားမှ ဆိုင်ကယ်စီးတာ၊ ဆီလည်းရှား၊ ဈေးလည်းတက်နေတာလေ” ဟု ကွတ်ခိုင်မြို့ရှိ တောင်သူတစ်ဦးက ပြောသည်။
အလားတူ မူဆယ် ၁၀၅ မိုင်မှ ညီနောင်မဟာမိတ် သုံးဖွဲ ထိန်းချုပ်ထားသည့် မြို့များကိုလည်း စားသောက်ကုန်နှင့် စက်သုံးဆီများ တင်သွင်း ခွင့်ကို စစ်ကောင်စီက ပိတ်ထားကြောင်းလည်း သိရသည်။