ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် အိုးပိုင်အိမ်ပိုင်နှင့်ဆိုင်ပိုင်ရှိသူများကို ပြန်လာခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁ရက်နေ့မှစတင်ကာ လောက်ကိုင်မြို့တွင်း၌ ဒေသဆိုင်ရာ အထောက်အထားအပြည့်အစုံဖြင့် နေထိုင်ခဲ့သူများကို ပြန်လည်ဝင်ရောက်ခွင့်ပြုနေခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
“ အခု ပြန်လာခွင့်ပြုတဲ့သူတွေက အိုးပိုင်၊အိမ်ပိုင် ဒါမှမဟုတ် ဆိုင်ပိုင်တဲ့သူတွေက အထောက်အထားပြပြီးလာလို့ရတယ်။ဒီလ ၁ရက်နေ့ကစပြီး ပြန်လာကြတယ်။တိုင်းရင်းသားတွေပဲ အဓိကဝင်ခွင့်ပြုတယ်။ဗမာတွေကိုတော့ အထောက်အထားမရှိဘဲ ဝင်ခွင့်မပြုဘူး” ဟု ၎င်းက ပြောသည်။
လောက်ကိုင်မြို့သို့ ရွှေ့ပြောင်းလုပ်ကိုင်သူများမှာမူ သက်ဆိုင်ရာသူဌေးများ၏ အာမခံချက်ရရှိရန်လိုအပ်ပြီး လုပ်ငန်းအနည်းငယ်သာ လည်ပတ်နိုင်သေးကြောင်း လောက်ကိုင်မြို့သို့ ရွှေ့ပြောင်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
“ အခုက ဒီဘက်မှာ အလုပ်လုပ်ချင်ရင် သူဌေးအာမခံချက်ရှိမှ လောက်ကိုင်ထဲ ဝင်ခွင့်ပြုတာပေါ့။မြို့ထဲမှာ မီးကလုံးဝမရသေးဘူး။ရေကတော့ ရတဲ့နေရာရတယ်။အထောက်အထားမရှိဘဲ လာမယ်ဆို သူဌေးနဲ့ အရင်တိုင်ပင်ပြီး အာမခံချက်ပေးမှ လာလို့ရမှာ။မဟုတ်ရင် အန္တရာယ်များတယ်” ဟု ၎င်းက ပြောသည်။
လောက်ကိုင်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်နေပြီး မိုဘိုင်းအော်ပရေတာ တစ်ခုသာ လိုင်းမိကြောင်းနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို တာဝန်ရှိသူများက လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ မြို့က လူတွေပြန်လာကြပေမယ့် အရင်လောက်မစည်ဘူး။ရဲနဲ့ စစ်သားတွေကလည်း မြို့ထဲသွားလာရင်း ဆုံရင် စစ်ဆေးတာတွေရှိတယ်။စစ်ရှောင်သွားတဲ့သူတွေ ပြန်မရောက်သေးတော့ သူတို့ပစ္စည်းတွေကို ခိုးတဲ့သူခိုးတွေလဲ ပေါချက်ပဲ။လိုင်းကလည်း တယ်လီနောတစ်ခုပဲ လိုင်းကောင်းကောင်းမိတယ်” ဟု ၎င်းကဆက်လက် ပြောသည်။
လက်ရှိတွင် မိုင်းလားမြို့သို့ ဝင်ရောက်ခိုလှုံနေသည့် လောက်ကိုင်ဒေသခံများကိုသာ ဦးစားပေးနေရာချပေးလျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။