စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ တောင်သူများသည် စစ်တပ်မှ စစ်ကြောင်းထိုးမည်ကို စိုးရိမ်နေသောကြောင့် စပါးကို ရသည့်ဈေးဖြင့် ရောင်းချနေရကြောင်း စုံစမ်းသိရှိရသည်။
ဒီပဲယင်းမြို့နယ်သည် စစ်ကြောင်း မကြာခဏ ထိုးနေသဖြင့် ယခုနှစ် စပါးများပျက်စီးမည်ကို စိုးရိမ်သောကြောင့် ယခုနှစ် စပါးရိတ်သိမ်းရာသီတွင် အရှုံးခံပြီး ရောင်းချနေခြင်းဖြစ်ကြောင်း စပါးစိုက်တောင်သူများက ပြောသည်။
“ စပါးရိတ်သိမ်းပြီးတဲ့အချိန်ဆို စပါးတွေ ပုံထားကြတယ်။ စစ်ကြောင်းထိုးလာရင် စပါးပုံတွေကို မီးရှို့သွားကြတယ်လေ၊ စပါးတင်း ၈၀၀လောက်ထိ မီးရှို့ခံရတာမျိုးတွေ ရှိတယ်။ စပါးတွေကို စပါးတိုက်တွေထဲ ထည့်ထားလည်း ရှို့ခံရတာမျိုးတွေ ရှိတယ်။ နောက်ဆုံး ဆန်စက်တွေပါ မီးရှို့ တော့ ရတဲ့ ဈေးနဲ့ ရောင်းနေကြရတာပါ “ ဟု ဒီပဲယင်းမြို့နယ်၊ ပုဂံရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းများကြောင့် စပါးပွဲစားများသည်လည်း သွားရေးလာရေးခက်ခဲကာ လာရောက်ဝယ်ယူမှု နည်းပါးနေသည့်အတွက် ရသည့် ဈေးဖြင့်ရောင်းနေရကြောင်းနှင့် ပွဲစားများဝယ်မှသာ ရောင်းရမည့် အခြေအနေမျိုးကြုံနေရသည်ဟု ၎င်းက ဆက်လက် ရှင်းပြသည်။
” ဒီဘက်မှာဆိုရင် ရွှေဘိုပေါ်ဆန်း အစိုက်များတယ်။ ပေါ်ဆန်း စပါးတင်း ၁၀၀ကို ၃၇သိန်းလောက် ပေါက်နေပေမယ့် ဒီပဲယင်းနယ်ထဲမှာ ၃၀ သိန်း ဝန်းကျင်နဲ့ပဲ ရောင်းနေရတယ်။ တစ်နယ်လုံးအတိုင်းအတာနဲ့ စပါးဈေးကောင်းတဲ့နေရာက မရှိသလောက်ဖြစ်နေတယ်။ အဲဒီတော့လည်း ဒီဈေးနဲ့ မရောင်းချင် ရောင်းချင်နဲ့ ရောင်းနေရတာပါပဲ” ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်မှ စတင်ကာ ရေဦးမြို့မှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် မြို့နယ်ချင်းကပ်လျက်ရှိသည့် ဒီပဲယင်း၊ ခင်ဦး၊ ရေဦးအစပ်တွင် ရောက်ရှိနေသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။