တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ် ဝန်းသိုမြို့နယ်၌ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။
ဖေဖော်ဝါရီ ၄ ရက်၊ ညနေ ၃နာရီ ကျော်တွင် ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့ မှ အင်အား ၂၀၀ ကျော်ဖြင့် ထွက်လာသော စစ်ကြောင်းကို ဝန်းသိုမြို့နယ်၊ဒေါင်းမြူးချောင်းအနီး၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ကောလင်းကို စစ်ကြောင်း ၄ ကြောင်းထိုးလာတာ ဟုတ်တယ်။ကိုးတောင်ဘို့ဘက်ကနေ ၂ ကြောင်း၊ဝန်းသိုဘက်ကနေ ၂ ကြောင်းထိုးတာ။ကိုးတောင်ဘို့ ဘက်က ထိုးလာတဲ့ စစ်ကြောင်းဆို မြင်တောင် မြင်နေရပြီ။ကောလင်းကို ကပ်နေပြီလို့တောင် ပြောလို့ရတယ်။ဝန်းသို ခမရ -၁၁၁ နဲ့ ခမရ- ၁၂၀ ကနေလည်း လက်နက်ကြီးနဲ့ပစ်သလို ကိုးတောင်ဘို့က တက်လာတဲ့ စစ်ကြောင်းကလည်း ၆၀၊၈၀(၆၀-မမ နဲ့၈၀-မမ) တွေနဲ့ပစ်တာတွေရှိတယ်”ဟု တော်လှန်ရေးပူးပေါင်း တပ်၏ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
ဒေါင်းမြီးချောင်းအနီးတိုက်ပွဲတွင် စစ်သားများသေဆုံးထိခိုက်မှုရှိ၊မရှိ မသိသေးသော်လည်း တော်လှန် ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုလုံးဝမရှိကြောင်း သိရသည်။
ဝန်းသိုမြို့မှထွက်လာသည့် စစ်ကြောင်းသည် မိုးကောင်းတောင်ခြေသို့ ရောက်ရှိနေပြီးကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့မှ ထွက်လာသောစစ်ကြောင်းသည် ဒေါင်းမြီးချောင်းသို့ ရောက်ရှိနေကာ ယနေ့ နံနက်၁၀နာရီကျော်အထိ ယင်းနေရာများ၌ပင် ရှိနေသေးကြောင်း သိရသည်။
“လေယာဥ်တော့ မပစ်သေးဘူး။စစ်ကြောင်းက နှစ်ကြောင်း ညှပ်ထိုးတာ။အင်အားက ၅၀၀ လောက်ရှိတယ်။ကောလင်း မကျရေး အသားကုန် ခုခံနေရတာ” ဟု ကောလင်းအခြေစိုက်PDF ရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်ရန် လနှင့်ချီ ပြင်ဆင်နေပြီး ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကောလင်းမြို့အနီးရှိ ကန့်ဘလူမြို့သို့ စစ်သားအင်အား ၅၀၀ ခန့်ပို့ဆောင်ခဲ့ကြောင်း ကန့်ဘလူမြို့ခံအချို့ထံက သိရသည်။
၂၀၂၃ ခုနှစ် ၊နိုဝင်ဘာ၆ ရက်နေ့တွင် ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။