စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အခြေစိုက် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) – တပ်ခွဲ ၂ (Blach Shadow)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၅) KPDF-1၊ တပ်ခွဲ (၃) KGF တပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးတို့ ပူးပေါင်းပြီး လက်လုပ် RPG ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
“ တိုက်ပွဲအတွင်း ထိရောက်မှုကတော့ တော်တော်အဆင်ပြေတယ်။ ဘန်ကာတွေဆိုလို့ရှိရင် RPG နဲ့ ပစ်လိုက်ရင် ဖြိုပြီးသားပဲ” ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) – တပ်ခွဲ ၂ မှ ထုတ်လုပ်ရေးတာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
RPG တစ်လက်နှင့် RPG ဗုံးသီးငါးခုကို မြန်မာငွေ သိန်း ၆၀ ကျပ်ဖြင့် ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ကာ၊ လက်ရှိ ရှေ့တန်း စစ်မြေပြင်၌ အသုံးပြုနေပြီ ဖြစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။
“ စက်ရုံထုတ်မဟုတ်တဲ့အတွက် ထုတ်လုပ်တဲ့အချိန်မှာတော့ အခက်အခဲတွေရှိတယ်။ ဒီနည်းပညာကို ထုတ်ဖို့ တိုင်းရင်း သား EAO ဘက်မှာ စတင်တဲ့အချိန်တုန်းကတော့ ရဲဘော်တွေ အသက်ပေးဆပ်ရတာမျိုးရှိတယ်။ ရင်းရတာတွေ ရှိတယ်။ ကျတော်တို့ဘက်ကို နည်းပညာရောက်လာတဲ့အချိန်မှာတော့ အဆင်ပြေခဲ့ပါတယ်” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။
စစ်ကောင်စီကို ခုခံတော်လှန်ရာတွင် အားကောင်းသည့် အညာဒေသတွင် ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ငယ်၊ လက်နက်ကြီးမျိုးစုံကို တီထွင်ထုတ်လုပ်နေကြပြီး၊ အဆိုပါ လက်လုပ်လက်နက်များကြောင့် ရဲဘော်များစွာ အသက်ပေးခဲ့ရကြောင်း မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
“ ၂၀၂၂ နှစ်စတုန်းကဆို လက်လုပ်သေနတ်ဆိုတာလည်း တုတ်ချောင်းအတိုင်းပဲ၊ ပုံစံအမှန်မထွက်ဘူး။ အခုဆို တဖြည်းဖြည်းနဲ့ လက်နက်တွေလည်း အဆင့်မြင့်လာပြီ၊ ပြည်သူတွေအနေနဲ့က ဆက်လက်ပါဝင်ပေးကြပါ” ဟု ပုလဲမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA မှ မြန်မာငွေ ကျပ်ငါးသိန်းဖြင့် လက်လုပ်သေနတ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သေးသည်။