ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ မြို့ပြပြောက်ကျားများကို ဆက်တိုက် ဖမ်းဆီးနေကြောင်း သိရသည်။
ဇန်နဝါရီ ၉ရက်မှစပြီး ရန်ကုန်မြို့ရှိ မြေအောက်တော်လှန်ရေးတပ်ဖွဲ့များကို အဓိကထားကာ အရပ်ဝတ်များဖြင့် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ဒီလထဲမှာပဲ ဖမ်းဆီးခံထားရတဲ့ UGလှုပ်ရှားသူတွေရှိပါတယ်။သပိတ်ဘက်ကရောပေါ့။ဒီလတစ်လတည်း မှာပဲ အဖမ်းခံရတဲ့သူအရေအတွက်က ၁၀ဦးကျော်ရှိတယ်လို့ပြောရမယ်။အဲ့ထဲမှာ ကယ်ရီ(ပစ္စည်းပို့ဆောင်ပေးသူ)နဲ့ ဖိုက်တာ(UG)တွေပါပါတယ်” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၁၁ရက်မှ ၁၈ရက်နေ့အတွင်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် သပိတ်အင်အားစုများမှ ရဲဘော် ၈ဦး ဖမ်းဆီးခံခဲ့ရကြောင်း
ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အခုက ရန်ကုန်မှာ အရပ်ဝတ်နဲ့ဖမ်းတာများလာတယ်။အဲ့တော့ သူ့လူလား၊ကိုယ်လူလား မသဲကွဲတော့ သတိကို အရင်ကထက် နှစ်ဆပိုထားလာရတယ်။ပြီးတော့ မစ်ရှင်တွေဆောင်ရွက် တဲ့အခါမှာလည်း ပိုပြီးသတိထားရတယ်။အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ ၊ရဲတွေက ပြည်သူတွေကြားထဲ ရောပြီး ကင်းလှည့်နေတဲ့အနေအထားတွေ့လာရတယ်” ဟု ၎င်းက ပြောသည်။
စမ်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် Black Iငeကလည်း စစ်ကောင်စီတပ်သည် ယခုလအတွင်း ရန်ကုန်မြို့ရှိ ပြောက်ကျားရဲဘော်များကို ဖိဖိစီးစီးဖမ်းဆီးလာကြောင်း ပြောသည်။
“ ဒီလထဲမှာ စစ်တပ်က ရန်ကုန်ကိုတော်တော်ဖိလာတယ်။ပိုဆိုးတာက အရပ်ဝတ်တွေနဲ့ပဲထွက်တော့ ပြည်သူလား ဘာလားဆိုတာခွဲခြားဖို့ ခက်လာတာပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ဖမ်းဆီးခံထားရသော မြို့ပြပြောက်ကျားများနှင့် ဆက်စပ်သူများကို စစ် ကောင်စီတပ်က လိုက်လံဖမ်းဆီးနေကြောင်းလည်း MPA က စုံစမ်းသိရသည်။