ရန်ကုန်မြို့၌ ဆေးခန်းပြခများ မြင့်တက်လာသဖြင့် ဖျားနာမှုများကို ဆေးမြီးတိုများ၊ စပ်ဆေးများဖြင့် ကုသသူများလာကြောင်း မြို့ခံများထံမှ စုံစမ်းသိရသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ ဆေးခန်းများတွင် ဆေးခန်းတစ်ခါပြပါက အနည်းဆုံး ကျပ်ငါးထောင်မှ ကျပ်ခုနှစ် ထောင်အတွင်းရှိနေသဖြင့် အနည်းငယ်ဖျားနာပါက ပြည်သူများသည် ဆေးခန်းသို့မသွားဘဲ ဆေးဝယ်သောက်ပြီး ကုသနေခြင်းလည်း ဖြစ်သည်။
“ နှစ်ရက်လောက် ဆေးသောက်ပြီး ဆိုင်ထွက်တယ်။ မရဘူး။ မပျောက်တော့ မှ ဆေးခန်းသွားလိုက်တာ၊ ဆိုင်မထွက်နိုင်တော့ဘူးပေါ့” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ဒုတ်ထိုးရောင်းသူ အမျိုးသမီး တစ်ဦးက ပြောသည်။
ယခုရက်ပိုင်း၌ အဖျားရောဂါများ အဖြစ်များနေသည်ကို တွေ့ရပြီး ကမ္ဘာကျန်းမာရေး အဖွဲ့ကလည်း လတ်တလော အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါများ အဖြစ်များနေ၍ ဂရုပြုရန် ထုတ်ပြန်ထားသည်။
ထို့ပြင် နှာစေးချောင်းဆိုးနှင့် အပေါ့စား ဖျားနာမှုများဖြစ်နေသည့် ဖျားနာသူ အချို့ကမူ ၎င်းတို့ အနေဖြင့် ဆေးခန်းပြ စရိတ်များကြောင့် ဆေးခန်းမပြတော့ဘဲသင့်တော်သည့် ဆေးဝါး ၀ယ်သောက်၍သာ ကုသခဲ့ကြောင်း ပြောသည်။
“ ခွင့်တစ်ရက် ယူပြီး ပါရာစီတမော့ ၀ယ်သောက်လိုက်တယ်။ ဆေးခန်းပြရင် ငါးထောင်ဖြစ်နေပြီ” ဟု ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောသည်။
နာတာရှည် ရောဂါ ခံစားနေရသူ အချို့က ဆေးခန်းပြစရိတ်ကို ချွေတာရန် ယခင် ဆေးခန်းပြစဥ်က ဆေးညွှန်းအတိုင်း ဆေး၀ယ်ကာ ကုသနေရသည်ဟု ပြောသည်။
အထူးကုဆေးခန်းများ၌ သာမာန်ဖျားနာခြင်းအား ကုသလျင် ဆေးခန်းပြခ ကျပ်ခုနှစ်သောင်း၀န်းကျင် ပေးနေရသဖြင့် ယင်းသို့ ဆေးညွှန်းဟောင်းဖြင့် ကုသမှုများ ဖြစ်လာခြင်းဖြစ်သည်။
“ အရင် ဆေးညွှန်းပဲ ၀ယ်သောက်လိုက်တယ်။ ဆေးခန်းပြရင် ငါးသောင်း၊ ဆေးထိုးရင် ခုနှစ်သောင်း အဲ့ဒီတော့ အရင် ဆေးတွေပဲ ၀ယ်သောက်ရတာပေါ့၊ ဆေး၀ယ်ဖို့တောင် စျေးတွေက သုံးဆလောက်တက်လာနေတာ” ဟု ကျောက်ကပ်ရောဂါ ခံစားနေရသူတစ်ဦးက ပြောသည်။
ရန်ကုန်၌ ဆေးဝါးစျေးများသည် အာဏာမသိမ်းခင်ကာလကထက် သုံးဆ၀န်းကျင် မြင့်တက်လာခဲ့ပြီး ဒေသန္တရ ပုဂ္ဂလိက ဆေးခန်းများ ၌ ဆရာ၀န်များထံတွင် ဆေးဝါးပြတ်လပ်ခြင်းများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။