တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အခြေစိုက် လောင်းလုံ ပကဖက ၂၀၂၃ ခုနှစ်တစ်နှစ်တာအတွင်း စစ်ဆင်ရေး ၇၃ခု ဆင်နွှဲခဲ့ရာ၊ စစ်သား ၁၄၀ သေဆုံးပြီး ၁၁၀ ဦးဒဏ်ရာရရှိခဲ့ကာ၊ တော်လှန်ရေးရဲဘော် ၁၄ဦး ကျဆုံးခဲ့ကြောင်း လောင်းလုံမြို့နယ် ပကဖက ထုတ်ပြန်ထားသည်။
“ အခုလိုမျိုး တိုက်ပွဲတွေလုပ်တဲ့အခါမှာ ကျွန်တော်တို့က နယ်မြေအသီးသီးမှာ ဖြန့်ကြက်ထားတာတွေရှိတာပေါ့၊ ဒါပေမဲ့ ရုတ်တရက်စစ်ကူလာတာ၊ ရေကြောင်းကလာတာတွေရှိရင် ကျတော်တို့က အခက်အခဲရှိတယ်။ လောင်းလုံးက ကျွန်းဆွယ်ဖြစ်နေတော့ အပိတ်နယ်မြေဖြစ်တော့ အရမ်းကြီး စစ်မျက်နှာတော့ မဖွင့်နိုင်သေးဘူး။ ရှေ့ဆက်ပြီးတော့ ကြိုးစားနေတယ်။ ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိအောင် အတတ်နိုင်ဆုံးလုပ်သွားမှာပါ” ဟု လောင်းလုံးမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လောင်းလုံမြို့နယ်သည် ကျွန်းဆွယ်ဒေသဖြစ်သောကြောင့် ထောက်ပို့လမ်းကြောင်းအတွက် အခက်အခဲရှိသည့်အပြင် စစ်ဆေးရေးဆင်နွှဲရန်အတွက်လည်း လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ လောင်းလုံမြို့ကို စစ်တပ်က စစ်ကြောင်းမထိုးရင်တောင် ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာတွေလုပ်တယ်။ ကားတစ်စီး သိန်းနှစ်ဆယ်တောင်းတယ်။ ဆိုင်ကယ်တစ်စီး ဆယ်သိန်းတောင်းတာမျိုးတွေ လုပ်တယ်။ အပြစ်မဲ့ပြည်သူကိုဖမ်းပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ်။ လူသားဒိုင်းတွေလုပ်တယ်။ အိမ်တွေထဲက တန်ဖိုးရှိတာတွေယူတယ်။ လူသတ်တာ တွေလုပ်တယ်” ဟု လောင်းလုံးမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် တိုက်ပွဲများကြောင့် လောင်းလုံမြို့နယ်အတွင်း အမြဲတမ်း စစ်ဘေးရှောင်ပြည်သူ ၃၈၀၀ ခန့်ရှိကြောင်း၊ ယမန်နှစ် ဒီဇင်ဘာ နောက်ဆုံးပတ်နှင့် ယခုနှစ် ဇန်နဝါရီ ပထမပတ်အတွင်း စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် လေးသွန်းခံ ၊ စစ်ပြဲ ၊ ပိန္ဒဲတောရွာ ၊ ဟင်းချိုတော ၊ ကြက်ယက်တွင်း ၊ သကျက်တော ၊ ညောပြင် ၊ အောက်ကျောက်ဝပ်ရွာရှိ အိမ်ခြေ ၁၃၇အိမ်ခန့် မီးရှို့ဖျက်ဆီးခံရပြီး စားနပ်ရိက္ခာနှင့်ဆေးဝါးများလိုအပ်နေသည်ဟု လောင်းလုံးမြို့နယ် ပ.အ.ဖ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ပုံမှန်တော့ ၃၈၀၀ ဝန်းကျင်ရှိပြီး ကျန်တဲ့အချိန်တွေမှာတော့ စစ်ကြောင်းဝင်ရင် ရှောင်ကြ၊ ကျန်တဲ့အချိန် အိမ်ပြန်နေကြတော့လေ၊ မီးရှို့တဲ့ဖြစ်စဥ်ဖြစ်တဲ့အချိန်ကတော့ သောင်းချီစစ်ရှောင်ကြရပြီး အခုတော့ နေအိမ်တွေမှာ နေကြပါပြီ၊မီးရှို့ခံရတဲ့ မိသားစုအချို့ကတော့ လုံခြုံတဲ့နေရာတွေမှာ စစ်ရှောင် နေကြတုန်းဖြစ်ပါတယ်။ မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် ထောက်ပံမှုတွေ ပြန်လည်ထူထောင်ရေးတွေအတွက် ကျတော်တို့လုပ်နေကြပါတယ်” ဟု ၎င်းကပြောသည်။
လက်ရှိ လောင်းလုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာလျက်ရှိသော ကြောင့် ပြည်သူများအနေဖြင့် အမြဲသတိထားနေရသည်ဟု ဒေသခံများက ဆိုသည်။