စစ်ကောင်စီလှည့်ကင်းယာဉ် ချောင်းမြောင်းပစ်ခတ်ခံရပြီးနောက် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ လူနေအိမ် ၇ လုံးနှင့် ကားဂိုထောင် ၁ လုံးကို ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ အုန်းတော (၆၀၀၅) တပ်ထဲက တင့်ကားတွေ၊ စစ်ကားတွေနဲ့ထွက်လာတဲ့ စစ်ကြောင်းက အုန်းတောရွာထိပ်မှာ သေနတ်တွေပစ်ဖောက်တော့ ရွာကလူတွေ အကုန်ပြေးရတာ။ ရွာကလူနေအိမ် ၇ လုံးနဲ့ ကားဂိုထောင်တစ်လုံးကို စစ်သားတွေကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မုံရွာ-မန္တလေးကားလမ်း လည်း နေ့တစ်၀တ်ပိတ်သွားတယ်” ဟု အုန်းတောရွာခံတစ်ဦးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် လူနေအိမ်နှင့် ဈေးဆိုင်တန်းများကိုမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လျှပ်စစ်မီးတိုင် ၃ တိုင်ကိုလည်း တင့်ကားဖြင့်တိုက်ကာ ဖျက်ဆီးခဲ့သဖြင့် အုန်းတောတိုက်နယ်အတွင်းရှိကျေးရွာများ လျှပ်စစ်မီးပြတ်တောက်နေကြောင်း ၎င်းကဆက်လက်ပြောသည်။
“ စစ်ခွေးပတ်ကင်းကားကို တော်လှန်ရေးအဖွဲ့တွေက ချောင်းမြောင်းပစ်ခတ်ခဲ့တယ်။ သူတို့ထိခိုက်မှုရှိလို့ ရွာကိုအင်အားအများအပြားနဲ့လာပြီး မီးရှို့တာပါ။ အရင်တစ်ခါ ၆၀၀၅ တပ်က တပ်သားလေးဦး ပျောက်သွားတုန်းကလည်း ရွာကိုမီးတင်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းဆုံရှိ အုန်းတောကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှုများမကြာခဏကြုံတွေ့နေရသဖြင့် အုန်းတောတိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပတ်ကင်းလှည့်ကာ ပြည်သူများအားဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် စစ်ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်၍ ယနေ့တိုင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၂ ရွာက လူနေအိမ် ၅၀၀၀ ခန့် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မီးဘေးသင့်၊ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူများထံက သိရသည်။