ပဲခူးတိုင်း၊ ဝေါမြို့နယ်မြောက်ဘက်ရှိ အညာစုကျေးရွာ ၊ အထက်ဝိုင်းပါတ်ရွာ၊ အုတ်ဖို၃ကျေးရွာ အပါအဝင်အနီးနားက ကျေးရွာများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များစစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူအများပြားကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ကျော်သည် ဇန်နဝါရီ ၂၄ ရက်၊ နေ့လယ်ပိုင်းက ဝေါမြို့နယ်မြောက်ဘက်ရှိ ကျေးရွာများသို့ ကားများဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အသက် ၄၀အရွယ် ဒေသခံ အမျိုးသား တစ်ဦးကပြေသည်။
“အများဆုံးကတော့ အညာစုရွာသား ၂၃ယောက်၊ အထက်ဝိုင်းပါတ်ရွာက ၅ယောက်၊ အုတ်ဖိုသုံးရွာ၊ ဆင်ရွာ၊ မြစ်ကျိုး၊ ကျန်တဲ့ရွာတွေလဲ အဖမ်းခံရတယ်။ ဘယ်လောက်ပါသွားလဲဆိုတာတော့ အတိအကျမသိရဘူး။ ပြန်လွတ်လာတဲ့ သူတွေလဲ မကြားဘူး။ ဘယ်ကိုခေါ်သွားလဲ ဆိုတာကလဲ အတိအကျပြောလို့မရဘူး”ဟု ၎င်းက ပြောသည်။
ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သည် အညာစုရွာနှင့် ထက်ဝိုင်းပါတ်ရွာချင်း ဆက်တံတားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“အညာစုရွာနဲ့ အထက်ဝိုင်းပါတ်ရွာကြားက တံတားကို ကားတာယာကွင်းတွေပုံပြီး မီးရှို့သွားတယ်။ အစ်မ ထင်တာကတော့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင်မီးရှို့ခဲ့တာဖြစ်မယ်။သူတို့စစ်ကြောင်းထိုးလာတဲ့လမ်းကြောင်းမှာ တွေတဲ့ ဆိုင်ကယ၊ ကယ်ရီသမားတွေလဲ ဖမ်းသွားတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ရက်က အုတ်ဖို၃ကျေးရွာရှိ ပျူစောထီးများ အထိုင်ချနေသည့် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးရဲဘော်များ တိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်းဆောင် သေဆုံးခဲ့ပြီး၊ ၃ဦးအဖမ်းခံရမှုအပေါ် မကျေနပ်သဖြင့် စစ်ကောင်စီက ယခုကဲ့သို့ ပြည်သူများကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။
“အရင်ရက်က အုတ်ဖိုပျူခေါင်းဆောင်အသတ်ခံရပြီး၊ ၃ယောက်ဖမ်းသွားတဲ့အပေါ် မကျေနပ်လို့လုပ်တယ်ထင်တယ်။ စစ်တပ်ကတော့ ဒီလိုမဆိုင်တဲ့ ပြည်သူတွေအပေါ်ဖမ်းဆီးနှိပ်စက် မတရားလုပ်တာတော့မထူးဆန်းပါဘူး။ ဒီမတရားမှုအတွက် တန်ပြန်အကျိုးသက်ရောက်မှုလာပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ဝေါမြို့နယ်မြောက်ဘက်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်း ရှောင်နေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းငယ်နှင့် ပျူစောထီးများသည် ကျေးရွာအချို့၌ တပ်စွဲကာ၊ ကင်းပုန်းများချ ထားကြောင်း ဒေသခံများထံမှ သိရသည်။