တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာတော့မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ရေးအတွက် တော်လှန်ရေးတပ်များ ပူးပေါင်းကာ တိုက်ပွဲဝင်လျက်ရှိကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)၏ပြန်ကြားရေး တာဝန်ခံက ပြောသည်။
“ အခုက တနင်္သာရီမြို့နယ်နဲ့ အခြားမြို့နယ်က မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး မိုင်းဆွဲတာတို့၊ကြားဖြတ်တိုက်ခိုက်တာတို့ကို ၂၀၂၃ခုနှစ်ထဲမှာ ထိထိရောက်ရောက်လုပ်နိုင်ခဲ့ပါတယ်။အခုထိလည်း လုပ်နေဆဲပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် တနင်္သာရီ မြို့တွင်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ပြင်ပသို့ သွားလာခြင်း မပြုတော့ကြောင်း တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အခုတနင်္သာရီမြို့နယ်အခြေအနေက မြို့တွင်း မစ်ရှင်တွေကိုလည်း ၂၀၂၃ခုနှစ်ထဲမှာလုပ်ဆောင်နိုင်ခဲ့တယ်။အခု စစ်သားတွေက အပြင်ကို အရင်လို ပေါ်ပေါ်ထင်ထင်မသွားနိုင်တော့ဘူး။ဥပမာဗျာ၊ အရင်က စစ်ကားတွေနဲ့သွားတယ်ဆို အခု အိမ်စီးကားတွေနဲ့ပဲသွားတော့တယ်။ပြီးရင် ယူနီဖောင်းနဲ့ မသွားတော့ဘူး။အရပ်ဝတ်နဲ့ပဲ သွားလာတယ်။အဲ့လိုသွားလာရင်တောင် အုပ်စုလိုက်ပဲ သွားလာတော့တယ်။အဲ့ဒါတော့ အခုလက်ရှိအခြေအနေပါပဲ” ဟု ၎င်းက ပြောသည်။
တနင်္သာရီမြို့နယ်အတွင်း စစ်ရေးပြင်းထန်လာနိုင်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေရှိ စာသင်ကျောင်းများတွင် ဒေသခံများအား လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်ခဲ့ကြောင်း ဟောပြောပွဲအတွင်း ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။
“ အခုဆို လေကြောင်းအန္တရာယ်ဟောပြောပွဲက ၂ကြိမ်ပြီးသွားပြီ။ဟောပြောပွဲမှာ ဘာတွေ လုပ်ခဲ့လဲဆိုတော့ ဗုံးခိုကျင်းတွေ ဘယ်လိုတူးရမလဲဆိုတာ လက်တွေ့ပြတယ်။လက်နက်ကြီးကျတဲ့အချိန် ဘယ်လိုနေရမလဲ၊ဘာတွေ ပြင်ဆင်ရမလဲဆိုတာ လက်တွေ့လုပ်ဆောင်ပြတာပါ” ဟု ၎င်းက ပြောသည်။
မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)သည် တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့၊မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂)၊ကျွန်းစုမြို့နယ်ပကဖ၊ပုလောမြို့နယ်ပကဖ၊တနင်္သာရီပကဖနှင့် Dragon squadဒရုန်းလက်ရုံးတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည့် တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကြောင်း ဖြစ်သည်။





