ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချစစ်ဆေးနေသည့် တိုးဂိတ်ကို ဇန်နဝါရီ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ရဲ ၂ ဦးသေဆုံးပြီး စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုးဂိတ်တွင် အထိုင်ချထားသည့် ရဲနှင့်စစ်သား ၁၀ ဦးခန့်က ခရီးသွားပြည်သူများအပေါ် စစ်ဆေးမှုများတင်းကျပ်ပြီး ငွေကြေးတောင်းခံမှုများရှိသလို၊ ဖြတ်သန်းသွားလာသည့် မော်တော်ယဉ်များထံမှ ငွေကြေးတောင်းခံနေကြောင်း ကြို့ပင်ကောက် HEROအဖွဲ့မှ တပ်ခွဲတာဝန်ခံ ဗိုလ်မိုးကြိုးက ပြောသည်။
“ကျွန်တော်တို့ ပစ်ဖို့လုပ်နေတာကြာပြီဗျ၊ အခုအလစ်အငိုက်ဝင်ပစ်တာ၊ အပြန်အလှန် ၁၅ မိနစ်လောက်တော့ ပစ်ကြတယ်၊ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး”ဟု ၎င်းကရှင်းပြသည်။
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံရဲနှင့်စစ်သားများသည် ၎င်းတို့၏အသက်ကို ရင်းနှီးမြုပ်နှံ၍ လူတစ်စု ကောင်းစားရန်အတွက် မပေးဆပ်သင့်တော့ကြောင်း ၎င်းက အကြံပြုပြောသည်။
“အမြင်မှန်ရသင့်ပြီ၊ ပြည်သူ့မျက်နှာကြည့်ပြီး အလင်းဝင်ကြပါလို့ တိုက်တွန်းလိုတယ်။ ကျွန်တော်တို့ကတော့ အာဏာရှင်မကျဆုံးသ၍ တိုက်ပွဲတွေဖော်ဆောင်သွားမှာပါ၊ ပြည်သူတွေ မျှော်လင့်ချက်တွေကို အကောင်းဆုံးဖော်ဆောင်သွားမှာပါ”ဟု ဗိုလ်မိုးကြိုးက ဆိုသည်။
အဆိုပါတိုးဂိတ် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံအသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။
“ဂိတ်ကိုဖြတ်ရင်လဲ စစ်ဆေးမှုတွေပိုလုပ်လာတယ်၊ ဆိုင်ကယ်တွေဆင်းတွန်းခိုင်းတယ်၊ မြို့အဝင်၊ ထွက်ပေါက်တွေလဲ အကုန်စစ်နေတာ၊ ရွာတွေဘက်လဲ ညကစစ်သားတွေဆင်းတယ်ကြားတယ်၊ အဖမ်းခံရသူ ရှိလား၊ မရှိလားတော့ ညီမသေချာမသိရဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ယခုပစ်ခတ်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတိုးဂိတ်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်ကလည်း Dragon Brothers PDF အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲမှုပြုလုပ်ခဲ့ဖူးသေးသည်။