စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မဈေး မီးလောင်မှုတွင် ကျပ်သိန်း၃၀၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၂၃ရက်၊ ညနေ ၄နာရီဝန်းကျင်က မော်လူးမြို့မဈေးရှိ ငါးဆိုင်တစ်ဆိုင်အနီးမှ ဝါယာေရှာ့ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဈေးဆိုင်ခန်း ၁၁၆ခန်း ပျက်စီးသွားကြောင်း မြို့ခံအချို့ထံက သိရသည်။
“ အဲ့ဆိုင်နားမှာ ဝါယာရှော့ဖြစ်နေတာကြာပြီ။ ဈေးကတာဝန်ရှိသူတွေကို ပြင်ဖို့ ဈေးသည်တွေက ခဏခဏလာပြောတယ်။ ဒါပေမဲ့မပြင်တော့ အဲ့ကနေစဖြစ်တာ” ဟု မော်လူးမြို့ခံတစ်ဦးက ပြောသည်။
မော်လူးမြို့မဈေးတွင် ဆိုင်ခန်း ၁၅၀ကျော်ရှိပြီး မီးလောင်မှုကြောင့် ဆိုင်ခန်း ၃ပုံ ၂ပုံခန့် ပြာကျသွားကြောင်း သိရသည်။
“ ဈေးပတ်လည်ခတ်ထားတဲ့ အုတ်ဘောင်လေးတွေပဲကျန်ခဲ့တာ။ မလောင်တဲ့ဆိုင်တွေလည်းကျန်တယ်။ ဈေးထဲမှာ မီးသတ်ကန်ရှိတယ်။ ရေမလောက်တာ။ မီးသတ်ကားကလည်း တစ်စီးတည်းရှိပြီး ရေသယ်ဖို့ကျအဝေးသွားရတယ်လေ” ဟု မော်လူးမြို့မဈေးမှ ဆိုင်ရှင်တစ်ဦးကပြောသည်။
ပျက်စီးဆုံးရှုံးသွားသည့်ဆိုင်ခန်းများကို ဆိုင်ခန်းပိုင်ရှင်များနှင့် တာဝန်ရှိသူများအတူတကွ ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
“ ဈေးက အဲ့မှာပဲပြန်ဖွင့်မယ်ပြောတယ်။ ဆိုင်ခန်းတွေလည်း ပြန်ဆောက်ကြမှာတဲ့” ဟု Indaw Revolution မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၃ရက်ကတည်းက မော်လူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားခဲ့သည်။