စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေလည်မှော်ရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Information Networkထံမှ သိရသည်။
ယနေ့( ဇန်နဝါရီ ၂၄ရက် )၊ မနက် ၄နာရီခန့်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာပျူစောထီးကျေးရွာမှ အင်အား ၁၂ယောက်ခန့်ဖြင့် ဝက်လက်မြို့နယ် ရေလည်မှော်ရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
” စက်လှေလေးအသေးလေးနဲ့ကူးလာပြီးတော့မှ မီးဝင်ရှို့တာ၊ စဝင်တာ မနက်၃နာရီခွဲဝန်းကျင်လောက်ကဝင်တယ်။ ၄နာရီကျော်လောက်မှာမီးစရှို့တယ်။ ပျူတွေများတယ်။ စစ်သားက ၁ယောက် ၂ယောက်လောက်ပဲပါတယ်” ဟု Wetlet Information network အဖွဲ့တာဝန်ခံက ပြောသည်။
ယင်းသို့ဝင်ရောက်ချိန်တွင် ပြည်သူအချို့ ဖမ်းဆီးခံခဲ့ရပြီး မနက် ၅နာရီဝန်းကျင်၌ ရွာသာယာပျူစောထီးကျေးရွာသို့ ပြန်လည်ဆုတ်ခွာချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။
” ရွာသာယာရွာကနေမှ ရေလည်မှော်ရွာဘက်ကို ဒရုန်းနဲ့လာလာချတော့ မနေရဲကြတော့တာ ၁နှစ်နီးပါးလောက်ရှိပြီ၊ ညဘက်ဆို ဒရုန်းနဲ့ မထင်ရင်မထင်သလိုချလို့ နေ့ခင်းဆိုဝင်တယ်။ ညခင်းကျအပြင်ထွက်အိပ်ကြတယ်။ တချို့ကျ တော့လည်း တောထဲနေကြရတာဆိုတော့ ကိုယ့်အိမ်လောက်အဆင်မပြေဘူး။ အဲ့ဒီမှာတချို့က ရွာထဲဝင်နေရင်း အဖမ်းခံရတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
ရွာသာယာပျူစောထီးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲမှုများကြောင့် ဝက်လက်မြို့နယ်ရှိ သရက်ပင်၊ ရေလည်မှော်၊ ကမ်းဖြူ။ ပေါ်ဦးကျေးရွာများနှင့် စဉ့်ကူးမြို့နယ်ရှိ ဟင်္သာဖိုရွာသစ်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Information networkအဖွဲ့တာဝန်ခံက ပြောသည်။
” သူတို့က ၁လမှာ ရက် ၃၀ဆိုရင် ရက် ၂၀လောက်က အဲ့ဒီပျူရွာကနေ ဒရုန်းနဲ့ ပြည်သူနေအိမ်တွေအပေါ်ကို ဗုံးသီးအမြဲကြဲတယ်။ အဲ့ဒါကြောင့် ပြည်သူတွေကမနေရဲကြဘူး” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ ပျူစောထီးနှင့် စစ်တပ်က မီးရှို့မှုကြောင့် ရေလည်မှော်ရွာမှ နေအိမ် ၁၂လုံး၊ ပဲမှော်စင် ၁လုံးနှင့် ဆိုင်ကယ် ၄စီးတို့ မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။