စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မဈေးတစ်ခုလုံး ဝါယာရှော့ဖြစ်ပြီး မီးလောင်ပျက်စီးသွားကြောင်းသိရသည်။
ဇန်နဝါရီ ၂၃ရက်၊ ညနေ ၄နာရီဝန်းကျင်က မော်လူးမြို့မဈေးရှိ ငါးဆိုင်တစ်ဆိုင်မှ ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ပြီး ၃နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရကြောင်း မော်လူမြို့မဈေးမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။
” မီးခိုးတွေထွက်လာတာနဲ့ တန်းပြေးတာ။ ရောက်တော့ ဆိုင်ခန်း ၃ခန်း၊ ၄ခန်းလောက်က မီးစွဲနေပြီ။ အဲ့ဒါ လူနည်းနည်းလောက်ပဲ ဈေးအတွင်းထဲရောက်လာတယ်။ မီးအားကြီးလို့ မီးငြှိမ်းပေမဲ့မရတော့ဘူး” ဟု ၎င်းကပြောသည်။






မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၂၀၀ဝန်းကျင် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအတိအကျကို တာဝန်ရှိသူများနှင့် ဆိုင်ခန်းပိုင်ရှင်များတွေ့ဆုံဆွေးနွေးပြီးမှသာ သိရှိရမည်ဖြစ်ကြောင်း Indaw Revolution-IRမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
” ဒီနေ့မှ ဆိုင်ခန်းပိုင်ရှင်တွေနဲ့ ဘယ်ကစလောင်တယ် ။ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးဘယ်လောက်ထိပါသွားလဲဆိုတာ သိရဖို့အစည်းအဝေးလုပ်မယ်တဲ့” ဟု ၎င်းကပြောသည်။
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၁၃ရက်ကတည်းက မော်လူးမြို့ကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထားခဲ့သည်။