ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် အလှည့်ကျမီးကင်းမစောင့်နိုင်သည့် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၁၅၀၀၀ပေးနေရ ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထို့ပြင် မီးကင်းစောင့်တဲ ဆောက်လုပ်ရန်အတွက် တစ်အိမ်လျှင် ကျပ် ၅၀၀၀ ကောက်ခံနေကြောင်း လှိုင်သာယာ၊ မီးခွက်စျေးရှိ အမျိုးသားတစ်ဦးကပြောသည်။
“ နွေရာသီရောက်တော့မှာမလို့ မီးကင်းတဲတွေဆောက်ရမယ်ဆိုပြီး ရပ်ကွက်ကအိမ်တိုင်း တစ်အိမ်ကို ၅၀၀၀ ပေးရ တယ်။ မီးကင်းတဲဆောက်ပြီးတာနဲ့ တစ်အိမ်တစ်ယောက် မီးကင်းစောင့်ရမယ်လို့ပြောတာ” ဟု ၎င်းကရှင်းပြသည်။
ထို့ပြင် မီးကင်းစောင့်ရမည့်နေ့တွင် မစောင့်နိုင်ပါက သက်ဆိုင်ရာရပ်ကွက်ရုံးသို့ တစ်ရက်ကြိုတင်အကြောင်းရမည်ဖြစ် ပြီး၊ လူစားငှားခအဖြစ် ကျပ် ၁၅၀၀၀ ပေးရမည်ဖြစ်ကာ၊ ကြိုတင်အသိမပေးဘဲပျက်ကွက်ပါက ဒဏ်ငွေ ကျပ် ၅၀၀၀၀ ပေးဆောင်ရမည်ဟု သတ်မှတ်ထားကြောင်း ၎င်းကရှင်းပြသည်။
“ ဇန်နဝါရီလ ၂၀ ရက်နေ့ကပဲ၊ မီးသတ်အဖွဲ့တွေ မီးသတိပြု စာရွက်လေးလာကပ်ပြီး စာရွက်စာတန်းကြေးဆိုပြီး ၁၀၀၀၀ ပေးလိုက်ရတာ၊ မနေ့ကလည်း မီးကင်းဆောက်ဖို့ဆိုပြီး အလှူငွေကောက်တာကို နောက်နေ့မှလာယူပါ၊ မရှိသေးဘူးဆိုတာ ပြောတာလည်းမရဘူး။ ဘေးအိမ်ကနေ ပိုက်ဆံခဏတောင်းပြီးပေးလိုက်ရတယ်။ ရပ်ကွက်ထဲမှာ အကြောင်းအမျိုးမျိုးပြပြီး အလှူငွေကောက်နေတာ များနေပြီ “ ဟု မဂ်လာဒုံမြိုနယ်နေ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုကဲ့သို့ မီးကင်းတဲဆောက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တစ်အိမ်လျှင် ကျပ် ၅၀၀၀ ကောက်ခံသည့်အပြင် ငွေကြေးတတ်နိုင်သည့် အိမ်များကို ကျပ် ၃၀၀၀၀ အထိကောက်ခံနေကြောင်း သိရသည်။
“ မနေ့ကတင် သူတို့ပိုက်ဆံလာကောက်တယ်။ ညရောက်တော့ အုပ်ကြီးအဖွဲ့ ဘီယာဆိုင်မှာ သောက်စားနေကြတာ၊ ကျတော်ထင်တာတော့ မီးကင်းတဲဆောက်ဖို့ဆိုပြီးကောက်တဲ့ ပိုက်ဆံတွေနဲ့ သောက်စားနေတာဖြစ်မှာ” ဟု မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်မှတ်တိုင်အနီးနေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံမှုများ ပိုမိုပြုလုပ်လျက်ရှိပြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံမြို့နယ်များတွင် ပိုမိုဆိုးရွားစွာ ကောက်ခံနေခြင်းဖြစ်သည်။