ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များတွင် စစ်သင်တန်းတက်ရောက်ရန် လူစုဆောင်းမပေးနိုင်သည့် ကျေးရွာ၊ ရပ်ကွက်များက အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ဖမ်းဆီးခြိမ်းခြောက်မှုများပြုလုပ်နေပြီး နုတ်ထွက်ခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ ပဲခူးတိုင်းအနောက်ခြမ်းရှိ ရပ်ကွက်၊ ကျေးရွာများကိုကာကွယ်ရန်အတွက်ဟုဆိုကာ စစ်သင်တန်းတက်ရောက်ရန် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများကို လူစုဆောင်းပေးရန် ဖိအားပေးစေခိုင်းလျက်ရှိသည်။
“ကျွန်တော်တို့ ရေငံအုပ်စုကို ပြည်သူ့စစ်ဖွဲ့ဖို့တဲ့ စစ်သင်တန်းတက်ရမယ်ဆိုပြီး အုပ်ကြီး(ကိုနိုင်ဦး)က စည်းဝေးပွဲခေါ်တာ၊ အားလုံးကမတက်နိုင်ဘူးဆိုတော့ အုပ်ကြီးလဲ လူမရဘူးဆိုပြီး ပြန်ပြောတာ၊ ညက အုပ်ကြီးကို လာဖမ်းသွားရော၊ လူစုမပေးနိုင်လို့တဲ့။ အခုနေ့ခင်းတော့ပြန်လွတ်လာတယ်၊ အုပ်ကြီးဘာတွေပြောလိုက်လဲတော့မသိဘူး”ဟု လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စုအတွင်းရှိ ရွာသားတစ်ဦးက ပြောသည်။
လူစုမပေးနိုင်သည့် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ဖမ်းဆီးခြိမ်းခြောက်နေခြင်းကြောင့် အုပ်ချုပ်ရေးမှူး အများစုမှာ နူတ်ထွက်စာတင်ထားကြောင်း သာယာဝတီမြို့တွင်နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကဆိုသည်။
“နူတ်ထွက်စာတင်နေကြတာ၊ အကုန်လုံးတော့မဟုတ်ဘူး၊ မြို့ပေါ်ရပ်ကွက်တွေများတယ်၊ လက်မခံဘူးတဲ့၊ နူတ်ထွက်ရင်အဖမ်းခံရမယ်၊ နူတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးနေရာကိုလဲ စစ်သားတွေ လာအုပ်ချုပ်ပြီး စစ်အုပ်ချုပ်ရေးလုပ်မယ်ပြောနေလို့ နူတ်မထွက်နိုင်ကြဘူး”ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်သင်တန်းတက်ရောက်သူများကို လက်နက်ထုတ်ပေးမည်ဟု ပြောဆိုစည်းရုံးနေသော်လည်း ပထမသင်တန်းတက်ထားသည့် အဖွဲ့များပင် ယနေ့တိုင် လက်နက်တပ်ဆင်ပေးနိုင်ခြင်းမရှိကြောင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“လက်နက် ထုတ်ပေးမယ်သာပြောနေတာ၊ ပထမသင်တန်းတက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေတောင်လက်နက်မရသေးဘူး။ အခုက ပထမလူတွေတောင်လက်နက်ထုတ်မပေးနိုင်တာ အစ်ကိုတို့က ဘယ်လိုလုပ်စည်းရုံးလို့ရမလဲ”ဟု ၎င်းကဆက်လက်ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ပြည်သူများကို စစ်သင်တန်းတက်ရောက်ရန် အဓမ္မစုဆောင်းပေးနေသူများကိုလည်း ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားကြသည်။