စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ စစ်ရှောင်ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ယနေ့(ဇန်နဝါရီ ၂၀ရက်) နံနက် ၅နာရီဝန်းကျင်က ဆားလင်းကြီးမြို့ပေါ်မှထွက်လာသော အင်အား ၇၀ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းသည် နံနက် ၁၀နာရီခန့်၌ ကျွဲကိုးတောကျေးရွာသို့ရောက်ရှိပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ယင်းကျေးရွာအနီး ရှိ စစ်ရှောင် ပြည်သူများ သေဆုံး၊ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်များကိုကူညီထောက်ပံ့နေသည့်
အနာဂတ်ကြယ်ပွင့်လေးများအဖွဲ့ထံက သိရသည်။
“ မီးဖိုနေကြတာ။ မီးခိုးမြင်လို့ အဖွဲ့တွေထင်ပြီး စစ်တပ်က လက်နက်ကြီးနဲ့လှမ်းပစ်တာလို့သိရ တယ်။ ပစ်တဲ့အချက်ရေကလည်း များတယ်။ ၁လုံးက သူတို့ဆီတည့်တည့်ကျသွားတာ။ အလောင်းကလည်း အစအနတွေနဲ့ တစစီလိုက်ကောက်ရတယ်ပြောတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ၂ဦးအခြေအနေလည်းသေချာမသိရသေးဘူး” ဟု အနာဂတ်ကြယ်ပွင့်လေးများအဖွဲ့တာဝန်ခံ ကပြောသည်။
သေဆုံးသူများမှာ အသက်၂နှစ်ခွဲအရွယ် မိန်းကလေးငယ် ၁ ဦး၊၅၃နှစ်အရွယ် အမျိုးသား ၁ဦးနှင့်၇၈ နှစ်အရွယ် အမျိုးသား ၁ဦးတို့ဖြစ်ပြီး ၎င်းတို့ မည်သူမည်ဝါဖြစ် ကြောင်း အတည်မပြုနိုင်သေးပေ။ ထို့အပြင် ဒဏ်ရာရရှိသူ၄ဦးမှာ အမျိုးသားလား၊အမျိုးသမီးလား ဆိုသည်ကိုလည်း မသိသေးကြောင်း ၎င်းကပြောသည်။
ဆားလင်းကြီးမြို့ပေါ်မှ ယင်းစစ်ကြောင်း ထွက်လာသည့် နံနက် ၆နာရီခွဲဝန်းကျင်၌ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ (ဓားမဆိုင်းတပ်မတော်)က မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်အဆုတ်တွင် စစ်သားများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် PDFရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်၊ တိုက်နယ်-၆ သတင်းပြန်ကြားတာဝန်ခံ ကိုသူရကပြောသည်။
“ မြို့အထွက်လေးမှာ မိုင်းဆွဲပြီး နောက်တပွိုင့်ပြင်ဖို့ အကူးမှာ သူတို့(စစ်ကြောင်း)ရှေ့ပွိုင့်က ဆီးပစ်တာ။ ဝါးတစ်ပြန်လောက်ပဲဝေးတာ။ ဆိုင်ကယ် ၂စီး၊ ရဲဘော် ၃ယောက်သွားတာကို ၁ယောက်ထိသွားတာ။ ဆိုင်ကယ်ပေါ်ေမာင်းေနတဲ့ ရဲဘော်ကိုမှန်တာ။ ပေ ၂၀၀လောက်ထိ ဆိုင်ကယ်စီးသွားနိုင်ပြီး လမ်းဘေးမြောင်းထဲမှာ ထိုးကျနေတာ။ နောက်ကထိုင်လိုက်တဲ့ရဲဘော်ကတော့ ဆိုင်ကယ်လဲသွားလို့ ပွန်းတာပဲ့တာပဲရှိတယ်။ ကျန်တယောက်ကတော့ လွတ်ပါတယ်” ဟု ၎င်းကပြောသည်။
နံနက်ခင်း သိပ်မလင်းသေးခင်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်၍ စစ်သားများ သေဆုံး၊ထိခိုက်အခြေအနေကို မသိရသေးကြောင်း ၎င်းကပြောသည်။
ကျဆုံးသွားသော PDF ရဲဘော်သည် ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ (ဓားမဆိုင်းတပ်မတော်)၏ မိုင်းတာဝန်ခံ၊ တပ်စိတ်မှူး ရဲဘော်သက်မောင်မောင် (ခ) ငမောင်ဖြစ်ကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ ညနေ ၆နာရီခွဲခန့်တွင် သန်းမတောကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။


